ရခိုင်မှ ဆင်းရဲနွမ်းပါးကျောင်းသားများအားလှူဒါန်းမည့် ထိုင်ဝမ်မှ ဆိုလာမီးအိမ်များရန်ကုန်သို့ ရောက်ရှိ

ရခိုင်မှ ဆင်းရဲနွမ်းပါးကျောင်းသားများအားလှူဒါန်းမည့် ထိုင်ဝမ်မှ ဆိုလာမီးအိမ်များရန်ကုန်သို့ ရောက်ရှိ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်မှ ဆင်းရဲနွမ်းပါးသော ကျောင်းသားကျောင်းသူများ အတွက် လှူဒါန်းမည့် ဆိုလာမီးအိမ် ၈၀၀ သည် ထိုင်ဝမ်နိုင်ငံမှ တဆင့် နိုဝင်ဘာလ ရ ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

ယင်းဆိုလာမီးအိမ်များမှာ ကွယ်လွန်သူ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌဟောင်း ဒေါက်တာစောမြအောင် မိသားစုနှင့် ရခိုင်အမျိုးသား လူမူကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်) တို့၏ စီစဉ်ဆောင်ရွက်မူများကြောင့် ထိုင်ဝမ်နိုင်ငံမှ International Rotary Club မှ ပေးပို့ လှူဒါန်းလိုက်သည်ဟု သိရသည်။

narinjara0802

ယင်းဆိုလာမီးအိမ်များအား ပြည်တွင်း ပြည်ပ သာသနာပြု ဆရာတော် အလိုတော်ပြည့်ဆရာတော်ကြီး၏ ကြီးကြပ်မူဖြင့် ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ရသေ့တောင်၊ မြောက်ဦး၊ စစ်တွေနှင့် မင်းပြားမြို့နယ်များမှ ဆင်းရဲနွမ်းပါးသူ ကျောင်းသား ကျောင်းသားများကို လှူဒါန်းသွားမည်ဟု ဦးဇင်းကုမာရက ပြောသည်။

“ အဓိကတော့ လျှပ်စစ်မီး မရှိတဲ့ ကျေးလက်ဒေသက ကျောင်းသားကျောင်းသူတွေကို ဦးစားပေး လှူဒါန်းသွားပါ့မယ်။ ဒီဆိုလာမီးအိမ်တွေကို ရရှိတဲ့ ကျောင်းသား ကျောင်းသူတွေ အနေနဲ့ စာကြည့်တဲ့အခါ ဖယောင်းတိုင်၊ မီးခွက်တွေကို အသုံးပြုစရာမလိုဘဲ စာကျက်နိုင်ကြမှာ ဖြစ်ပါတယ်” ဟု ဦးဇင်းက ဆိုသည်။

ယင်းဆိုလာမီးအိမ်များမှာ အလိုအလျောက်ဆိုလာဖြင့် နေရောင်ခြည်ကို ယူကာ ဓါတ်အားများ ဖြည့်သွင်းရယူပြီး ညဉ့်အချိန်တွင် မီးထွန်းကာ စာကြည့်နိုင်ကြတော့မည်ဟု ဆိုသည်။

“ ဆိုလာမီးအိမ်များမှာ ပေါ့ပါးပြီး အသုံးပြုရလွယ်ပါတယ်။ ရခိုင်ပြည်နယ်ရှိဆင်းရဲနွမ်းပါးသော ကျောင်း သူ/ ကျောင်းသားများ ပညာသင်ကြားရေးမှာ  အဆင်ပြေစေရန်အတွက် အမြန်ဆုံးပေးပို့လှူဒါန်းသွားဖို့ စီစဉ်ထားပါတယ်” ဟု  အထွေထွေ အတွင်းရေးမှူး ဦးကျော်အေးမောင်မှ ပြောကြားသည်။

ရခိုင်ပြည်နယ်သို့ အခမဲ့ ဆေးဝါးကုသရန် အမေရိကန်၊ နယူဇီလန်၊ ထိုင်ဝမ်၊ ဟောင်ကောင်တို့မှ အဖွဲ့ဝင် ၅၀ ဦးခန့်ပါ၀င်သော ဆရာအဖွဲ့ တစ်ဖွဲ့ ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ရောက်ရှိမည် ဖြစ်ပြီး သူတို့၏ ခရီးစဉ်အတွင်း ယင်းဆိုလာမီးအိမ်များကို တခြား ဆေးပစ္စည်းများနှင့် အတူ လှူဒါန်းသွားမည်ဟု ဦးကျော်အေးမောင်က ဆိုသည်။

Most read this week