ဘုန်းကြီးကျောင်း ပဋိပက္ခဖြစ်ရာမှ စာသင်ကျောင်းပိတ်ထားရ

ဘုန်းကြီးကျောင်း ပဋိပက္ခဖြစ်ရာမှ စာသင်ကျောင်းပိတ်ထားရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် လမူကျေးရွာအုပ်စု၊ ငရုတ်တောင်ကျေးရွာတွင် ဘုန်းကြီးကျောင်း အငြင်းပွားမူကြောင့် တစ်ဘက်နှင့် တစ်ဘက် ခိုက်ရန် ဖြစ်ပွားနေ၍ လုံခြံုရေး အခြေအနေ စိုးရိမ်ရသဖြင့် အစိုးရ စာသင်ကျောင်းကို ယာယီ ပိတ်ထားရသည်ဟု သတင်း ရရှိသည်။

ငရုတ်တောင် ကျေးရွာမှာ အိမ်ခြေ ၂၀၀ ခန့်ရှိပြီး ရွာရှိ ကျောင်းထိုင်ဆရာတော်အား ကိုးကွယ်နေသူ အိမ်ခြေ ၁၀၀ ခန့်နှင့် မကိုးကွယ်လိုသူ အိမ်ခြေ ၁၀၀ ခန့် အကြား ပဋိပက္ခ ဖြစ်ပွားနေသည်ဟု ဘုန်းကြီးကျောင်း ဂေါပက အဖွဲ့ဝင် ဦးတင်လိူင်ကဆိုသည်။

ခဲပေါက်ခံရသော ဘုန်းကြီးကျောင်း - (ဓာတ်ပုံ - နိရဥ္စရာ)

“အောက်တိုဘာလ ၂၄ ရက်နေ့ကတည်းက ပြသနာ ဖြစ်ပြီး တင်းမာနေတယ်။ မကိုးကွယ်လိုတဲ့သူတွေက ဘုန်းကြီးကျောင်းကို လေးခွတွေနဲ့ချတယ်။ ကျောင်းခေါင်မိုးတွေ ပေါက်ပြဲကုန်တယ်။ သိမ်နဲ့ ဇရပ်က မှန်တွေ ကွဲသွားတယ်။ ဒါ့ပြင် ရွာထဲက အိမ်တစ်လုံးလည်း မီးရှို့ခံရတယ်။ နောက်ပိုင်းမှာ ကလေးအတွက်ပါ စိုးရိမ်ရတဲ့ အတွက် စာသင်ကျောင်းကိုလည်း ပိတ်ထားရတယ်” ဟု ဆိုသည်။

ယခုကဲ့သို့ ကျောင်းပိတ်ထားရသဖြင့် ကလေးငယ်များ ပညာရေးကို ထိခိုက်မူများရှိနေကြောင်း ကျေးရွာထဲ မှ ကျောင်းသားမိဘ တစ်ဦးဖြစ်သူ ဒေါ်ဖြူနုတင်က ပြောသည်။

“ ဆရာတွေလည်း မလာရဲတော့ ကျောင်းကို ပိတ်ထားရတယ်။ ခုလို ရက်အကြာကြီးပိတ်ထားရတော့ ကလေးတွေ အတွက် ပညာရေး ထိခိုက်နေပါတယ်” ဟု ပြောသည်။

ယင်းပြင် ပဋိပက္ခ နောက်ဆက်တွဲ အနေဖြင့် ကျောင်းကိုးကွယ်သူများ ရောင်းချသည့် စျေးဆိုင်များမှ စျေးမ ၀ယ်ရန် လုံဆော်ခြင်းများ ရှိနေသလို ကျောင်းကိုးကွယ်သူများကို ဓါးဖြင့် နောက်မှ လိုက်ထိုးမူများလည်း ရှိနေကြောင်း ဦးလှရွှေတင်မှ ပြောကြားသည်။

“ ပြသနာက တင်းမာနေဆဲ ဖြစ်ပါတယ်။ စျေးဆိုင်တွေကို မဝယ်နဲ့ တားမြစ်မူတွေရှိနေတယ်။ ဓါးနဲ့ လိုက်ထိုးတာတွေလည်းရှိနေတယ်” ဟု သူက ဆိုသည်။

သို့အတွက် ဘုန်းကြီးကျောင်းကို ကိုးကွယ်သူက တစ်ခြမ်း၊ မကိုးကွယ်သူက တစ်ခြမ်း သီးသန့်စီ နေထိုင်နေ ကြရသည်ဟု  ကျေးရွာသား နောက်တစ်ဦးဖြစ်သူ ဦးစောဝင်းက ပြောသည်။

လမူးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဟန်ကမူ “ ကျွန်တော်တို့ ပြသနာ ဖြစ်တယ်လို့ သတင်းကြား-ကြားချင်း လမူးစခန်းက ရဲတွေကို ခေါ်ပြီး လိုက်သွားတယ်။ ဒါက ဘာသာရေးနဲ့ ဆိုင်တဲ့ ပဋိပက္ခမို့ ကျနော်တို့ဖြေရှင်းလို့ မရဘူး။ ဘာသာရေးနဲ့ ဆိုင်တဲ့ ဂိုဏ်းသံဃာ၊ မြို့နယ် သံဃာနာယက အဖွဲ့နဲ့ မြို့နယ် သာသနာရေး ဦးစီးမှူးဆီကို သတင်းပို့ လျှောက်ထားပြီး ဖြစ်တယ်။ ကျွန်တော်တို့က ဆက်လက်ပြီး ဥပဒေမဲ့ မဖြစ်အောင် ထိန်းသိမ်းနေပါတယ်” ဟု ပြောသည်။

လမူးရဲစခန်းတာဝန်ရှိသူ ရဲအရာရှိကလည်း “ နှစ်ဖက်လုံးကို ထိန်းသိမ်းပါတယ်။ နှစ်ဖက်လုံးကို စစ်ဆေးနေပါတယ်။ ဥပဒေအရ အပြစ်ရှိတဲ့လူကတော့ ရှိတဲ့ အလျှောက်ခံရမှာဘဲ။ အခု ပြသနာ ဆက်မဖြစ်ရအောင် စခန်းက ရဲလေးဦးကို ရွာမှာ အချိန်ပြည့် လုံခြံုရေး ချထားပါတယ်” ဟု ဆိုသည်။

သို့သော်လည်း ဖမ်းဆီးခံရသူ (၂) ဦးမှာ ဘုန်းကြီးကျောင်းကို ကာကွယ်နေသူများ ဖြစ်သည်ဟုဆိုကာ ဘုန်းကြီးအား ကိုးကွယ်သူများ ဘက်မှ မကျေမနပ် ဖြစ်နေကြသည်ဟု သိရသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ငရုတ်တောင် ဆရာတော် ဦးစီး၍ တောင်ကုတ်မြို့ပေါ်တွင် နိုဝင်ဘာလ ၉ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် ပဋိပက္ခတွင် ပါ၀င်မူ မရှိဘဲ မှားယွင်းစွာ ဖမ်းဆီးခံထားရသူများ အတွက် တောင်ကုတ် မြို့ပေါ်တွင် ဆန္ဒဖေါ်ထုတ်ပွဲ ပြုလုပ်သွားမည်ဟု သိရသည်။

Most read this week