ငပလီတွင် ရောင်းချခွင့်တားမြစ်ခံထားရသော ဒေသခံစားသောက်ဆိုင်များ မူလနေရာ အနီးတွင် ရောင်းချခွင့်ရရှိ

ငပလီတွင် ရောင်းချခွင့်တားမြစ်ခံထားရသော ဒေသခံစားသောက်ဆိုင်များ မူလနေရာ အနီးတွင် ရောင်းချခွင့်ရရှိ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ သံတွဲမြို့ခရိုင်၊ ငပလီကမ်းခြေတွင် ရောင်းချခြင်းမပြုရန် တားမြစ်ခံထားရသည့် ဒေသခံများ၏ စားသောက်ဆိုင်များကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ရန်ပုံငွေ ကောက်ခံပြီး မူလနေရာက အနည်းငယ်ဝေး ကွာသော နေရာတစ်ခုတွင် ရောင်းချခွင့် ပြုလိုက်ကြောင်း သတင်းရရှိသည်။

ငပလီကမ်းခြေရှိ အများပြည်သူပိုင် မြေမှာ ဟိုတည်ပိုင်ဖြစ်သွားပြီဟု ဆိုကာ  ရောင်းချခွင့် မပြုတော့ဘဲ ယင်းအနီးအနားမှ နေရာတစ်ခုတွင်သာ ရောင်းချခွင့် ပြုခဲ့ကြောင်း၊ ယင်းပြင် စားသောက်ဆိုင် တစ်ဆိုင်လျှင်လည်း ရန်ပုံငွေဟု ဆိုကာ ကျပ် တစ်သိန်းရှစ်သောင်းစီ သက်ဆိုင်ရာအာဏာပိုင်များ မှ ကောက်ခံခဲ့ကြောင်း ပိုင်ရှင်များက ပြောသည်။

Ngapali-1

ယခင်ရောင်းချခဲ့သည့် Pleasant ဟိုတယ် နောက်ဘက်ခြမ်းရှိ မြေနေရာမှာ ဟိုတယ်ပိုင်မြေဖြစ်သွားပြီ ဟုဆိုကာ ဒေသအာဏာပိုင်များက ရောင်းချခွင့်မပြုတော့ဘဲ ယခင်နေရာမှ တစ်မိုင်ခန့်အကွာရှိနေရာတွင် ဆိုင်ခန်းပိုင်ရှင်များကို ပြန်လည်ရောင်းချခွင့်ပြုထားကြောင်း သိရသည်။

“ခရိုင်မှူးတို့ကို ငွေ ၁၈၀၀၀၀ ကျပ် ပေးရတယ်။ ဒါကြောင့် မူလနေရာနားက နေရာတစ်ခုမှာ ပြန်ရောင်းခွင့်ရလို့ အခု အကုန်လုံး ရောင်းနေကြပြီ ”ဟု Sunset View အမည်ရှိ စားသောက်ဆိုင်ပိုင်ရှင် ကိုထွန်းထွန်း က ပြောသည်။

ဒေသဖွံ့ဖြိုးရေးအတွက် သုံးစွဲရန်ဟု အကြောင်းပြကာ ဒေသအာဏာပိုင်များက စားသောက်ဆိုင်တစ်ဆိုင်လျှင် ကျပ် ၁၈ဝဝဝဝ နှင့် ကမ်းခြေအလှ အမှတ်တရပစ္စည်းရောင်းချသည့် ဆိုင်တစ်ဆိုင်လျှင် ကျပ် ၆ဝဝဝဝ စီ ငွေကောက်ခံခဲ့သည်ဟု ဆိုသည်။

ငပလီ ကမ်းခြေတွင် စျေးရောင်းချနေကြသည့် ဒေသခံ စားသောက်ဆိုင် ၁၆ ဆိုင်နှင့် ကမ်းခြေအမှတ်တရ အလှ ပစ္စည်းရောင်းချသည့်ဆိုင် ၁၂ ဆိုင် ရှိကြောင်း သိရသည်။ ယင်းဆိုင်များအား ကမ်းခြေအလှပျက်စီးစေ သည် ဟုဆိုကာ ကမ်းခြေတွင် ဆက်လက် ရောင်းချခြင်းမပြုရန် ပြီးခဲ့သည့် ၃ လခန့်ကတည်းက ဒေသအာဏာ ပိုင်များက တားမြစ်ခဲ့သည်။

“အခုနေရာမှာ ရောင်းရပေမယ့် အဆင်ပြေတယ်လို့တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နှစ်တွေကလောက်တော့ အဆင််မပြေဘူး ”ဟု View Point စားသောက်ဆိုင်ပိုင်ရှင် ကိုအောင်နိုင်စိုးက နိုဝင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက နိရဥ္စရာ မေးမြန်းစဉ် ယင်းသို့ပြောကြားသည်။

ယင်းသို့တားမြစ်လိုက်ခြင်းကြောင့် စျေးဆိုင်ပိုင်ရှင်များတွင်အခက်အခဲများဖြစ်ပေါ်ခဲ့ပြီး ယင်းနေရာတွင် ပြန် လည် ရောင်းချခွင့်ရရှိရန် စျေးဆိုင်ပိုင်ရှင်များနှင့် ဒေသအာဏာပိုင်များအနေဖြင့် အကြိမ်ကြိမ်ဆွေးနွေး ခဲ့ရသည်ဟု  ဆိုင်ခန်း ပိုင်ရှင်များက ဆိုသည်။

ဒေသဖွံ့ဖြိုးရေးအတွက် သုံးစွဲရန်ဟုဆိုကာ ဒေသအာဏာပိုင်များကို စားသောက်ဆိုင်တစ်ဆိုင်လျှင် ကျပ် ၁၈ဝဝဝဝ နှင့် ကမ်းခြေအလှအမှတ်တရပစ္စည်းရောင်းချသည့်ဆိုင်တစ်ဆိုင်လျှင် ကျပ် ၆ဝဝဝဝ ပေး ဆောင်ခဲ့ ရသော်လည်း အဆိုပါ ငွေများမှာ ယခုနှစ်တစ်ရာသီစာအတွက်ပေးရခြင်းဖြစ်သည့်အတွက် နောင်နှစ် တွင် ဆက်လက် ရောင်းချ ခွင့်ရ/မရ ဆိုသည်ကို မသိရသေးကြောင်း ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။

Most read this week