တောင်ကုတ်လုံခြံုရေးတင်းကျပ်သည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်းရဲတာဝန်ရှိသူ ငြင်းဆို

တောင်ကုတ်လုံခြံုရေးတင်းကျပ်သည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်းရဲတာဝန်ရှိသူ ငြင်းဆို
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ဗုံးသတင်းကြောင့် လုံခြံုရေး တိုးမြှင့်ခဲ့သည်ဟု ဆိုသောသတင်းမှာ မဟုတ်မှန်ကြောင်း ရဲတာဝန်ရှိသူက ငြင်းဆိုလိုက်သည်။

တောင်ကုတ်မြို့ဒေသခံ တစ်ဦးက တောင်ကုတ်မြို့တွင် ယမန်နေ့က ညနေက ဗုံးခွဲမည်သော သတင်းကြောင့် လုံခြံုရေး တင်းကျပ်ခဲ့သည်ဟု နိရဥ္စရာသို့ သတင်းပေးပို့ခဲ့ခြင်းသည်။

“ အခု တောင်ကုတ်မြို့ကို အကြမ်းဖက်သူတွေက တိုက်ခိုက်မယ်ဆိုတဲ့ အတွက် လုံခြံုရေး တင်းကျပ်ထားပြီး စစ်တပ်၊ရဲနဲ့ ရပ်ကွက်တာဝန်ရှိသူတွေက ပတ်တရောင်လှည့်နေပါတယ်။ သတင်းကတော့ ဘူးသီးတောင်ဘက်က လာတယ်လို့ သိရပါတယ်” ဟု ဆိုသည်။

သို့သော်လည်း တောင်ကုတ်မြို့ အခြေအနေမှာ တည်ငြိမ်နေကြောင်း၊ ယင်းသတင်းကို ကြားသိသူများ အတွင်းသာ အနည်းငယ် စိုးရိမ်မူရှိကြောင်း သူက ပြောဆိုသည်။

၎င်းသတင်းကို ရရှိပြီးနောက် တောင်ကုတ်ရဲစခန်းသို့ ညဉ့် ၁၁ နာရီအချိန်တွင် နိရဥ္စရာက ဆက်သွယ်မေးမြန်း ရာ တာဝန်ကျ ရဲအရာရှိက ယခုလို ပြောဆိုသည်။

“ တောင်ကုတ်မှာ ဘာထူးခြားချက်မှ မရှိပါဘူး။ ပုံမှန်အတိုင်းပါဘဲ” ဟု ဆိုသည်။

ယင်းပြင် ဗုံးခွဲမည်ဆိုသော သတင်းကိုလည်း သူတို့ မရရှိကြောင်း၊ ဘာမှလည်းထွေထွေထူးထူးမကြား ရကြောင်း၊ အခြေအနေများမှာ ပုံမှန်သာ ဖြစ်ကြောင်း ပြောဆိုသည်။

တောင်ကုတ်ကို ဗုံးခွဲတိုက်ခိုက်မည်ဆိုသော သတင်း ယခင်ကလည်း ကောလဟလ ထွက်ခဲ့ကြောင်း၊ သို့သော်လည်း ထူးခြားမူ တစ်စုံတစ်ရာ မကြားရကြောင်း တောင်ကုတ်ဒေသခံ တစ်ဦးကပြောကြားသည်။

Most read this week