ရခိုင်ယဉ်ကျေးမှု၊ သမိုင်း၊ စာပေများကို ယခုခေတ် ရခိုင်လူငယ်များ လေ့လာ လိုက်စားမှု နည်းပါးဟုဆို

ရခိုင်ယဉ်ကျေးမှု၊ သမိုင်း၊ စာပေများကို ယခုခေတ် ရခိုင်လူငယ်များ လေ့လာ လိုက်စားမှု နည်းပါးဟုဆို
by -
နိရဥ္စရာ

ရှေးခေတ် ရခိုင့်ယဉ်ကျေးမှုဆိုင်ရာသမိုင်းအထောက်အထားများနှင့် စာပေများကို ယခုခေတ်လူငယ်များ လေ့လာ လိုက်စားမှုနည်းပါးလာနေကြောင်း ရခိုင်သက်ကြီးပိုင်း အချို့က ပြောဆိုသည်။

ရှေးရခိုင်များ၏ “ရခိုင်သမိုင်းစာပေများ၊ ရခိုင်သမိုင်း ဓာတ်ပုံရုုပ်ကြွင်းများ၊ ရခိုင်ယဉ်ကျေးမှုပြပွဲ” တစ်ခုကို ခင်းကျင်း ပြသနေစဉ် အတွင်း နိရဥ္စရာမှ မေးမြန်းစဉ် ထိုသို့  သက်ကြီးပိုင်းများက ပြောကြားခဲ့ခြင်း ဖြစ်သည်။

0011

ရခိုင်ပြည်နယ် စစ်တွေမြို့တွင်  ရခိုင်တွင် ခေတ်အဆက်ဆက် ထင်ရှားခဲ့ကြသည့် ဆရာတော် ဦးဥတ္တမ ကဲ့သို့သော ပုဂ္ဂိုလ်ထူးများ၊ ပညာရှင်များ၊ ရခိုင်သူများ၏ရိုးရာ ဝတ်စားဆင်ယင်ပုံများ၊ ရခိုင့် စာပေနှင့် သက်ဆိုင်သည့် ကျမ်းစာအုပ်များ၊ ဓာတ်ပုံများနှင့် ကျောက်စာ များ၊ မြောက်ဦးမြို့ရှိ ရှေးဟောင်း နန်းရာကုန်းမှ ထွက်ရှိသည့် လူ့အသုံးအဆောင် ပစ္စည်း အပိုင်းအစများ၊ ရခိုင့်ရိုးရာရက္ကန်းရက်လုပ်နေသည့်ပုံများ၊ ရခိုင်စည်တော်နှင့် ရိုးရာ ကျင်ကစားကွက် ဓာတ်ပုံများကို စနစ်တကျ ခင်းကျင်းပြသထားသော ပြပွဲ တစ်ခုကို နိုဝင်ဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ပြသနေသည်။

“ရှေးခေတ်က ရခိုင်စာပေပညာရှင်တွေ၊ မင်းကောင်းမင်းမြတ်တွေ၊ ရခိုင်လူမျိုးတွေ ဆောင်ရွက် ခဲ့ကြတဲ့ ဘုရားစေတီ၊ တိုင်းပြည်နိုင်ငံ၊ ရခိုင်စာပေယဉ်ကျေးမူတွေ လွှမ်းမိုးခဲ့ကြတာတွေကို အခု ခေတ်လူငယ်လေးတွေ သိစေချင်ပါတယ်။ ဒီအတွက် ခုလို ပြပွဲမျိုးကျင်းပရတာပါ” ဟု စစ်တွေမြို့ရှိ သာကီမဏ္ဍိုင်စာပီဝိုင်း၏ နယကဖြစ်သူ ဦးမောင်သိန်းထွန်းက ယင်း၏ ဆန္ဒကို ထုတ်ဖော် ပြောသည်။

ယနေ့ခေတ် လူငယ်များအနေဖြင့် ရခိုင့်ယဉ်ကျေးမှုဆိုင်ရာသမိုင်းအထောက်အထားများနှင့် စာပေများကို လေ့လာ လိုက်စားမှု မရှိဘဲ အားလပ်ချိန်များတွင် အင်တာနက်၊ ဂိမ်းကဲ့သို့သော အီလက်ထရွန်းနစ်ပစ္စည်းများကို အလွန်အကျွံ သုံးစွဲနေကြသည့်အပြင် အရက်သေစာများကိုလည်း ပိုမို သောက်စားလာကြသည်ကို တွေ့ရသည့် အတွက် မိမိတို့ ရခိုင်နှင့် ပတ်သက်သည့် သမိုင်းကြောင်းဆို်င်ရာ အချက်အလက်များကို သိရှိမှုနည်းပါးလာ နေခြင်းဖြစ်ကြောင်း ဝေဖန် ပြောဆိုသည်။

ယခု ပြပွဲကို စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်ရှိ ဂြစ်ဘက် ဘုန်းတော်ကြီးကျောင်းတွင်ပြုလုပ် ကျင်းပနေခြင်း ဖြစ်ပြီး  ရခိုင်လူငယ်များအနေဖြင့် ရခိုင်နှင့်ပတ်သက်သည့် သမိုင်း၊ ယဉ်ကျေးမှု၊ စာပေအကြောင်းအရာ များကို ပိုမိုသိရှိလာစေရန် အတွက် ရည်ရွယ် ပြုလုပ်နေခြင်း ဖြစ်ကြောင်း သာကီမဏ္ဍိုင်စာပီဝိုင်းမှ ဦးကျော်ဇံမောင်က ပြောသည်။

“ဒီလိုမျိုးထုတ်ဖော်မပြသရင် ကျွန်တော်တို့ရခိုင်မှာ တစ်ချိန်ကရှိခဲ့တဲ့ ရခိုင်ရိုးရာယဉ်ကျေးမှု၊ သမိုင်းဆိုင်ရာ  အထောက် အထားတွေ၊ မှတ်တမ်းမှတ်ရာတွေကို ရခိုင်လူငယ်တွေ သိလာတော့မှာမဟုတ် ပါဘူး”ဟု သူက ပြောသည်။

0012

ရခိုင်လူငယ် အများစု အနေဖြင့် ရခိုင်သမိုင်းအထောက်များနှင့် ရိုးရာယဉ်ကျေးမှုများစသည် များကို လေ့လာလိုက်စားခြင်း မရှိသည့် အတွက် ယခုကဲ့သို့ ပြပွဲများပြုလုပ်ခြင်းဖြင့် လေ့လာလိုက်စားလိုသည့် အသိစိတ် များရရှိနိုင်သွားမည်ဟု ယုံကြည်ကြောင်း စစ်တွေတက္ကသိုလ်၊ အင်္ဂလိပ်စာမေဂျာမှ ကိုမြတ်ကျော်သိန်း က ယင်း၏အမြင်ကိုပြောသည်။

“ဒီလိုပြပွဲတွေလုပ်တာ အရင်တုန်းကမရှိခဲ့တဲ့ အတွက် ရခိုင်လူငယ်တွေ အများစုက ကိုယ့်လူမျိုးရဲ့ သမိုင်းတန်ဖိုးကို မသိဘူး။ ခုလို သိခွင့်ရလာတော့ အပျက်အစီး လျှော့နည်းလာနိုင်ပါတယ်”ဟု သူက ဆိုသည်။

ရခိုင်လူငယ်များ အနေဖြင့် မိမိတို့၏ ရိုးရာယဉ်ကျေးမူ သမိုင်းအမွေအနှစ်များကို ထိန်းသိမ်းလိုသော စိတ်ဓါတ်မရှိပါက ရခိုင်လူမျိုးမှာ များမကြာမီ ပျောက်ကွယ်သွားနိုင်သည်ဟု သူကဆိုသည်။

“ဒီလိုမျိုးသာ ရခိုင်လူငယ်တွေ ကိုယ့်ရခိုင်နဲ့ပတ်သက်ပြီး လေ့လာလိုက်စားမှုလည်း မရှိဘူး၊ သမိုင်းမှာဖြစ်တည်ခဲ့တဲ့ ကိုယ့်ပြည်နဲ့ ကိုယ့်လူမျိုးကိုလည်း မထိန်းသိမ်း၊ မစောင့်ရှောက်ဘူးဆိုရင် ကျွန် တော်တို့ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးတွေဟာ နောင်တစ်ချိန်မှာ ပျူလူမျိုးတွေပျောက်ကွယ်သလိုမျိုး ပျောက် ကွယ်သွားပါလိမ့်မယ်”ဟု သူက သုံးသပ်ပြောသည်။

သာကီမဏ္ဍိုင်စာပီဝိုင်းကဦးဆောင်ပြုလုပ်နေသော အဆိုပါပြပွဲကို စိတ်ပါ၀င်စားသူ အများအပြားက နေ့စဉ် လာရောက်ကြသည်ဟု  ပွဲစီစဉ်သူများက ဆိုသည်။

Most read this week