ဆက်ကြေးကောက်ခံမှုဖြင့် KIO အဖွဲ့ဝင် ၁ ဦးနှင့် ဒေသခံ ၁ဦးကို အစိုးရတပ် ဖမ်းဆီး

ဆက်ကြေးကောက်ခံမှုဖြင့် KIO အဖွဲ့ဝင် ၁ ဦးနှင့် ဒေသခံ ၁ဦးကို အစိုးရတပ် ဖမ်းဆီး
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် ဖားကန့်မြို့အခြေစိုက် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၆ တပ်ခွဲ ၂ လိုင်ဆိုင်း တိုက်နယ်ခွဲ ရုံးစာရေးတစ်ဦးနှင့် ဒေသခံတစ်ဦးအား အစိုးရတပ်မှ ဆက်ကြေးကောက်ခံမှုဖြင့် ဖမ်းဆီး ထားကြောင်း သိရသည်။

၎င်းတို့အား အောက်တိုဘာ၂၉ ရက်နေ့က လိုင်ဆိုင်းမှ သာမခန်သို့အသွား လမ်းခုလတ်တွင် သာမခန်အခြေချ အစိုးရတပ် ခလရ ၃၅ တပ်ရင်းမှူး ကျော်ကျော်ခိုင် ဦးဆောင်သော တပ်မှ ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ဒေသခံ များပြောသည်။

Burma-army-LID-66-soldiers-in-Ginsi-Hpakant

ဖမ်းဆီးခံရသူ ၂ ဦး သည် လိုင်ဆိုင်းတိုက်နယ်ခွဲ KIA ရုံးစာရေး ဒမောင် ဂျာနော် (Damau Naw Ja) နှင့် ဒေသခံ တန်ဘော် ခေါင်ဒေါင် (Tangbau Hkawng Dau) တို့ဖြစ်ကာ ကျပ်ငွေ သိန်း၂၀၀ ကျော်နှင့် အတူ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း နိုဝင်ဘာလ ၃ရက်နေ့ ဖားကန့် ရဲစခန်းသို့ သွားရောက်တွေ့ဆုံမည့် ဒေသခံ ဆရာ လမာဘရန်အောင် (Lama Brang Awng) KNG ကချင်သတင်းဌာန သို့ ပြောသည်။

"သူတို့ကို မတရားဆက်ကြေး တောင်းခံခြင်း ပုဒ်မ ၃၈၆၊ ပါဝင်ပတ်သက်မှု ပုပ်မ ၁၁၄ နဲ့ ဖမ်းဆီးထားတယ်။ ဖားကန့်မြို့နယ်အရာရှိနဲ့ မတွေ့ရသေးဘူး အခုပဲ ဖားကန့် ရဲစခန်းကိုသွားနေတယ်" ဟု ပြောသည်။

အစိုးရတပ်များသည် သာမခန်ရဲစခန်းသို့ ဖမ်းဆီးခဲ့ပြီးနောက် ဖားကန့်ရဲစခန်းသို့ ပို့လိုက်ခြင်းဖြစ်ပြီး တပ်ရင်းမှူးကိုယ်တိုင် တရားလို တိုင်ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသူ ၂ ဦးကို KIA လိုင်ဆိုင်းတိုက်နယ်ခွဲ တာဝန်ရှိသူများက ၎င်းငွေများအား တာမခန်မြို့သို့ ပေးအပ် ခိုင်းကြောင်းလည်း သိရပြီး ထိုသို့ အစိုးရတပ်များဖက်မှ KIA အဖွဲ့ဝင်များ တရားဝင် အခွန်ကောက်ခံမှုပေါ် ဆပ်ကြေး ကောက်ခံမှုအဖြင့် ဖမ်းဆီးမှုများ မကြာခဏပြုလေ့ရှိကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် မှ ပြောဆိုသည်။

“အခုချိန် KIA နာမည်နဲ့အခွန်ငွေ ကောက်စားတဲ့သူတွေနေရာတိုင်းမှာ အများကြီးရှိနေတယ်။ ဒေသခံပြည် သူတွေလည်း KIA သတ်မှတ်ထားတဲ့ တရားဝင်အခွန်ငွေ ဟုတ်မဟုတ် ကွဲကွဲပြားပြားသိရမယ်။ ကောက်တဲ့ သူတွေလည်း တရားဝင် KIA အမှုထမ်း ဟုတ်မဟုတ် လုံးဝကိုသိရမှာဖြစ်တယ်။ မဟုတ်ရင် ကျနော်တို့အမျိုးကို ပျက်စီးစေချင်တဲ့သူတွေအများကြီးရှိတယ်” ဟု KIO ဗဟိုဌာနချုပ်မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးပြော သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သည် မိမိအုပ်ချုပ်ရာနယ်မြေရှိ ရွှေမှော်၊ ကျောက်စိမ်းမှော်များတို့တွင် အခွန်များကို တရားဝင်ကောက်ခံကာ လုပ်ငန်းများလုပ်ခွင့်ပေးနေခြင်းဖြစ်ရာ အစိုးရတပ်၏ တိုက်ရိုက် တရားစွဲဆိုဖမ်းဆီးမှု နှောက်ယှက်မှုများ ခံနေရခြင်းလည်းဖြစ်ကြောင်း ဒေသခံများပြောသည်။

ဖမ်းဆီးထားသည့် KIA အဖွဲ့ဝင်များကို အစိုးရဖက်မှ လွှတ်ပေးရန် တောင်းဆိုမှုများရှိနေသော်လည်း ယခုချိန်ထိလွှတ်ပေးခြင်းမရှိသေးကြောင်း KIO ပဋိပက္ခညှိနှိုင်းရေးအဖွဲ့မှ ဒု-ဗိုလ်မှူးကြီး နော်ဘို ပြောသည်။

ယခုအခါ အစိုးရတပ်များသည် စစ်အင်အားတိုးချဲ့နယ်မြေချဲ့ထွင်ကာ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှ ဧရာမကျောက်စိမ်းတူးဖော်မှုပြုလုပ်နေသော ဖားကန့်မြို့သို့ အသွားလမ်းတလျှောက် အစိုးရတပ်သားများဖြင့် ၁၅ ဂိတ် ထက်မနည်းထားရှိကာ အခွန် (သို့) ငွေများတောင်းခံနေကြောင်း ခရီးသည်များပြောသည်။

Most read this week