မင်းပြားမြို့နယ်တွင် ဆားငံရေဝင်၍ လယ်ဧက ထောင်ချီ ပျက်စီး

မင်းပြားမြို့နယ်တွင် ဆားငံရေဝင်၍ လယ်ဧက ထောင်ချီ ပျက်စီး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ ကျေးရွာအုပ်စု (၃) ခုဖြစ်သော ကျွဲတက်၊ မညင်းပြင်နှင့် အိုင်ဝမ်း တို့တွင် ရာသီဥတု ဖေါက်ပြန်ပြီး ဒီရေများ ၀င်ရောက်ရာမှ စပါးမသီးဘဲ လယ်ဧက ထောင်နှင့် ချီပြီး ပျက်စီးသွားခဲ့ သည်ဟု သတင်းရရှိသည််။

“ကျွန်တော်တို့ ကျွဲတက်အုပ်စုမှာ စိုက်ပျိုးဧက ၈၉၈ ဧကရှိပါတယ်။ အဲဒီအထဲက လယ်သမား ၃၀ ကျော်ပိုင် ဆိုင်တဲ့ လယ်ဧက ၃၅၉ ဧက ပျက်စီးသွားပါတယ်။ စပါးလုံးဝ မရပါဘူး ခင်ဗျား” ဟု ကျွဲတက် ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

min-bya

ကျွဲတက်အုပ်စု အပြင် အနီးအနားမှ အိုင်ဝမ်းနှင့် မညင်းပြင် ကျေးရွာ အုပ်စုတို့နှင့် ပေါင်းလျှင် ပျက်စီးနေသော လယ်ဧကမှာ တစ်ထောင်ကျော်ခန့်ရှိကြောင်း၊ ယခုအခါ စာရင်း ပြုစုပြီး မြို့နယ်သို့ တင်ပြထားကြောင်း သူက ပြောဆိုသည်။

ယခုကဲ့သို့ လယ်များ ပျက်စီးရခြင်း အဓိက အကြောင်းအရင်းမှာ တာတမံများကို နိုင်အောင် မဆည်ဖို့ရာမှ ဆားငံရေများ ဒီရေနှင့် အတူ ၀င်ရောက်လာ၍ ဖြစ်ကြောင်း သိရသည်။

“ တာတမံတွေကို ဆည်ဖို့တဲ့ နေရာမှာ အပိုင်းလိုက် ဆည်တဲ့ နေရာက ဆည်တယ်။ မဆည်ဘဲထားတဲ့ တာတမံ တွေဘက်က ပင်လယ် ဆားငံရေတွေ ၀င်လာတော့ လယ်တွေ အကုန်လုံးပျက်စီးသွားတယ်” ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးက ဆိုသည်။

သို့သော် ဆားငံရေ ၀င်ရောက်သော အပိုင်းများကို ယခုနှစ် စက်တင်ဘာလမှ စတင်ပြီး ပြန်လည် စတင် ဆည်ဖို့နေသည်ဟု ပြောသည်။

ယခုနှစ်တွင် ရာသီ ဥတု ဖေါက်ပြန်ပြီး မိုးနှောင်းပိုင်းတွင် မိုးလည် မရွာရာမှ ဆားငံရေ ၀င်သောလယ်များမှာ လုံးဝ ပျက်စီး သွားခဲ့ရကြောင်း ကျွဲတက််ကျေးရွာမှ လယ်သမားကြီး တစ်ဦးဖြစ်သူ ဦးရွှေသာမောင် က ပြောသည်။

“ ဒီနှစ်က မုန်တိုင်းတွေ ဖြစ်ပေါ်ခဲ့တဲ့ အတွက် ဒီရေတွေတက်တာကို ဘကြီးတို့ ဒေသမှာ ကြံုခဲ့ရတယ်။ ရာသီဥတုလည်း ဖေါက်ပြန်တဲ့ သဘောရှိတယ်။ မိုးနှောင်းပိုင်း မိုးကလုံးဝ မရွာတော့ လယ်တွေမှာ ၀င်နေခဲ့တဲ့ ဆားငံရေတွေက ဒီအတိုင်း ကျန်နေခဲ့တော့ လယ်တွေအကုန်လုံး အက်ကွဲပြီး စပါးလုံးဝ မသီး ဖြစ်သွားတော့တာပါဘဲ” ဟု ဆိုသည်။

လယ်ယာစိုက်ပျိုးရေးကိုသာ အဓိက အားကိုးနေကြရသော မိသားစုများ အနေဖြင့် စပါးစိုက်ခင်းများ ပျက်စီးသွားသဖြင့် အနာဂတ်အတွက် စားဝတ်နေရေးကိုသာမက ကလေးငယ်များ၏ ပညာရေးအတွက်ကိုပါ စိုးရိမ်ပူပန်မူများရှိနေကြောင်း ဦးရွှေသာမောင်ကဆိုသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသာကျော်အား ဆက်သွယ်မေးမြန်းရာ သူက ယခုလို ပြောဆိုသည်။

“ ဒီကိစ္စ ကျနော်ကိုယ်တိုင်ဆင်းပြီး လေ့လာကြည့်ရှု့ စစ်ဆေးခဲ့တယ်။ လယ်တွေက ပျက်စီးသွားတာ အများကြီးဘဲ။ ဧက ထောင်ချီရှိတယ်။ တာတမံတွေမဆည်ဘဲ ထားတဲ့အပြင် အဓိက ပုဇွန်မွေးတဲ့သူတွေကြောင့်လည်း ပါတယ်။ သူတို့က ဆားငံရေတွေကို သွင်းပြီး ပုဇွန်မွေးတော့ လယ်တွေက ပျက်စီးတယ်။ အခုလာမယ့် လွှတ်တော် အစည်းအဝေးမှာ ကျနော် ဒီကိစ္စကို တင်ပြဖို့ စီစဉ်ထားတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ် အတွင်း စပါးစိုက်ပျိုး၍ အရှံုးပေါ်သဖြင့် အချို့ လယ်သမားများမှာ စပါးစိုက်ပျိုးရေးကို စိတ်မဝင်စားတော့ဘဲ လယ်မြေများကို ဆားငံရေများသွင်းကာ ပုဇွန်မွေးမြူလာကြသည်ဟု သိရသည်။ သို့အတွက် ပင်လယ်၊မြစ်ချောင်းများနှင့် နီးစပ်သော အပိုင်းများတွင် စိုက်ပျိုးလယ်များ ပျက်စီးမူ ပိုများသည်ဟု သိရသည်။

Most read this week