သံတွဲနှင့် တာင်ကုတ်ကြား ခရီးသည်တင်ကား တိမ်းမှောက်၊ ၁၀ ဦး ဒဏ်ရာရ

သံတွဲနှင့် တာင်ကုတ်ကြား ခရီးသည်တင်ကား တိမ်းမှောက်၊ ၁၀ ဦး ဒဏ်ရာရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် သံတွဲနှင့် တောင်ကုတ်အကြား ပြေးဆွဲနေသော ခရီးသည်တင် ကားတစ်စီး တိမ်းမှောက်သွား သဖြင့် ခရီးသည် ၁၀ ဦး ဒဏ်ရာ ရရှိသွားခဲ့သည်ဟု သတင်းရရှိသည်။

ယင်းခရီးသည်တင်ကားသည် အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် သံတွဲမှ တောင်ကုတ် သို့ မောင်းနှင်လာစဉ် ၂၃ မိုင် ၅ ဖါလုံ အရောက် ဒေါ်မြ ကျေးရွာအနီးတွင် တိမ်းမှောက်သွားသည် မျက်မြင် သံတွဲ ဒေသခံ တစ်ဦးက ဆိုသည်။

သံတွဲ- တောင်ကုတ်ကားလမ်းကို ယခုနှစ် စက်တင်ဘာလ အတွင်းက ရိုက်ယူထားစဉ်

“ မှောက်တာက ဒိုင်နာကားပါ။ တောင်က အဆင်းမှာ အရှိန်မထိန်းနိုင်ဘဲ မှောက်သွားတာ ဖြစ်ပါတယ်။ စုစုပေါင်း ၁၀ ဦး ဒဏ်ရာ ရပါတယ်။ အသေအပျောက်တော့ မရှိပါဘူး” ဟု သူက ဆိုသည်။

ဒဏ်ရာရသူများအထဲမှ ဒဏ်ရာပြင်းထန်သူ ၅ ဦးကို သံတွဲဆေးရုံတွင် တင်ထားပြီး ဒဏ်ရာမပြင်းထန်သူ များကို ရွှေလှေကျေးရွာ တိုက်နယ်ဆေးရုံတွင် တင်ပို့ထားသည်ဟု သိရသည်။

ရခိုင်ပြည်နယ် သံတွဲနှင့် တောင်ကုတ်လမ်းမှာ ငပလီ ကမ်းခြေကြောင့် လူသွား လူလာ အများဆုံး လမ်းတစ်ခု ဖြစ်သော်လည်း လမ်းကြမ်း အဆင့်ထက် အနည်းငယ်မြင့်သော အနေအထားသာ ရှိပြီး အချို့နေရာများတွင် ပြေပြစ် ညီညာမူ မရှိသဖြင့် နှစ်စဉ်  နှစ်တိုင်း မတော်တဆ ကားတိမ်းမှောက် မူများ ဖြစ်ပေါ်နေသည်ဟု သိရသည်။

Most read this week