ဘူးသီးတောင်တွင် ဗုံးနှစ်လုံးပေါက်ကွဲ

ဘူးသီးတောင်တွင် ဗုံးနှစ်လုံးပေါက်ကွဲ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် အောက်တိုဘာ ၃၁ ရက်နေ့ ညဉ့် ၉ နာရီခန့်က ဗုံး နှစ်လုံး ပေါက်ကွဲခဲ့သည်ဟု သိရသည်။

“ဗုံးပေါက်တာက မနေ့ ညဉ့် ၉ နာရီ ၁၅ မိနစ်မှာ ဖြစ်ပါတယ်။ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ရိပ်သာရှေ့မှာ ပေါက်တာ ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာ ရတာတွေမရှိပါဘူး” ဟု ဘူးသီးတောင်မြို့မှ အရပ်ဘက် အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးအောင်ကိုကိုက ပြောသည်။

ယင်းဗုံးများမှာ လက်လုပ် အမျိုးအစား ဖြစ်ပုံရပြီး ဗုံးပေါက်ကွဲသောနေရာမှ လက်ကိုင်မိုဘိုင်းဖုန်းတစ်လုံ၊ စက်ဘီး ဘားစေ့များနှင့် ပုလင်းကွဲများကိုတွေ့ရသည်ဟု သူက ဆိုသည်။

ဘူးသီးတောင်မြို့တွင် မီးပေးဝေနေသော မီးစက်ကြီး ပျက်နေသည်မှာ သုံးရက်ခန့်ရှိနေပြီး မသမာသူများက လျှပ်စစ်မီး မရှိသဖြင့် အမှောင်ကို အသုံးပြုလျှက် ဗုံးများကို ဖေါက်ခွဲခဲ့ပုံရကြောင်း သူက ဆိုသည်။

ဗုံးပေါက်ကွဲသော အသံမှာ သိပ်မကျယ်လောင်ကြောင်း၊ ယခုအခါ ဗုံးပေါက်ကွဲမူနှင့် ဆက်စပ်ပြီး ကွင်းဆက်များကို လိုက်လံ စုံစမ်းဖေါ်ထုတ်နေသည်ဟု ရဲတာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ မြို့လူထုက တော့ သိပ် အထိတ်တလန့် မဖြစ်ပါဘူး။ ခုလို ဗုံးကွဲတဲ့ အတွက် နောက်ဆက်တွဲ ဘာတွေ ဖြစ်လာမလဲဆိုတာကိုဘဲ လူတွေက စုံစမ်းသိချင်နေကြတဲ့ သဘောလောက်ဘဲ ရှိပါတယ်” ဟု ဘူးသီးတောင်မြို့ သင်္ဘောဆိပ်မှ ဒေသခံ တစ်ဦးက ဆိုသည်။

ဘူးသီးတောင်နှင့် မောင်တောတွင် အကြမ်းဖက်သမားများ ၀င်ရောက်နိုင်သည်ဆိုသော သတင်းကြောင့် လုံခြံုရေး တင်းကျပ်ထားသည့်ကြားမှ ဗုံးပေါက်ကွဲခြင်း ဖြစ်သဖြင့် အာဏာပိုင်များက လုံခြံုရေးကို ပိုမိုတင်းကျပ်လိုက်သည်ဟု ဦးအောင်ကိုကိုက ပြောဆိုသည်။

Most read this week