ကော့သောင်းတွင် မိုးကြီးရေလျှံပြီး မြေပြိုကျ၊ ၄ ဦးသေဆုံး

ကော့သောင်းတွင် မိုးကြီးရေလျှံပြီး မြေပြိုကျ၊ ၄ ဦးသေဆုံး
by -
ဇော်ကြီး
ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့တွင် ယမန်နေ့ညက လေပြင်းတိုက်ပြီး မိုးသည်းထန် မှုကြောင့် အိမ်တစ်လုံး ပြိုကျကာ ကလေးသုံးဦး အပါအဝင် လူ လေးဦး သေဆုံး၍ ၃ ဦး ဆေးရုံတင် ထားရသည်။ ယမန်နေ့ညဦးပိုင်း အချိန်မှစ၍ လေပြင်းနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်တောင်ကျ ရေလျှံပြီး မြေပြို  ...

ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့တွင် ယမန်နေ့ညက လေပြင်းတိုက်ပြီး မိုးသည်းထန် မှုကြောင့် အိမ်တစ်လုံး ပြိုကျကာ ကလေးသုံးဦး အပါအဝင် လူ လေးဦး သေဆုံး၍ ၃ ဦး ဆေးရုံတင် ထားရသည်။

ယမန်နေ့ညဦးပိုင်း အချိန်မှစ၍ လေပြင်းနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်တောင်ကျ ရေလျှံပြီး မြေပြို ကာ အိမ်တစ်လုံးပြိုကျ၍ သေဆုံးသူများရှိသည်ဟု ကော့သောင်းမြို့ခံ တစ်ဦးက ယခုလိုပြောသည်။

“မနေ့ညက ဒီမှာ လေရောမိုးရော ကြီးတာပေ့ါနော်။ ကြီးပြီးတော့ တောင်ကမ်းပါး ပြိုကျလာပြီး အိမ် တစ်အိမ်ထဲမှာ မိသားစု ၄ ယောက်က ဆုံးသွားတယ်။ ကျန်တဲ့ ၃ ယောက် ကတော့ ဆေးရုံတင် ထားရတယ်ခင်ဗျ။”

ရွှေမင်းဝံ ရပ်ကွက်(၈)တွင် နေထိုင်ပြီး ထရံယက်လုပ်ငန်းဖြင့် အသက်မွေးကြသည့် မိသားစု တခု၏ မိခင်နှင့် က လေးငယ် ၃ ဦး အလောင်းအား ယနေ့နံနက်ပိုင်းက ရပ်ကွက် လူထုမှ တူးဖော်ကာ ဖခင်ဖြစ်သူအား ဆေးရုံသို့ ပို့ဆောင်ထားသည်။

ကော့သောင်း-ရန်ကုန်သို့သွားရာ လမ်းတလျှောက်၌လည်း တောင်ပြိုကျသဖြင့် လမ်းပိတ် ဆို့မှုများဖြစ်ကာ မြို့ တွင်းတွင်လည်း သစ်ပင်များ ပြိုလဲပြီး လမ်းပိတ်ဆို့နေသည်ဟု မြို့ခံများက ပြောသည်။

တောင်ကျရေများလွန်းပြီး ရေနုတ်မြောင်းများ ပိတ်ဆို့မှုကြောင့် ရေလျှံရခြင်းဖြစ်ပြီး ပင်လယ် ရေတက်ချိန်နှင့် တိုက်ဆိုင်ပါက အခြေအနေပိုဆိုးနိုင်သည်ဟု ကော့သောင်းမြို့ခံ အမျိုးသမီး တစ်ဦးက ယခုလိုပြောသည်။

“အခုက တောင်ကျရေက တအားထိုးဆင်းတာလေ။ အဲမှာ ရေထွက်လမ်းနည်းပြီးတော့ မြောင်းတွေ ပိတ်ပြီးတော့ အိမ်တွေထဲမှာ ရေတက်လျှံတာပေ့ါ။ တစ်ခါမှ အဲလောက်ထိ မရောက်ဖူးဘူး။ တော်သေး တယ် ပင်လယ်ရေနဲ့ မထိလိုက်လို့။ ပင်လယ်ရေအတက်နဲ့ဆို လူတွေ တော်တော်အန္တရာယ်များမယ်။”

ကော့သောင်း၌ လေပြင်းတိုက်ခတ်မှုနှင့် ရေကြီးမှုများ မကြာခဏဖြစ်လေ့ရှိသော်လည်း ၎င်းအတွေ့အကြံုအရ ယခုအကြိမ်သည် အဆိုးဝါးဆုံးဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“ကော့သောင်းမှာ လူသေတာတွေဘာတွေက အခုပထမဦးဆုံးအကြိမ်ပဲ။ ရေကြီးလို့လေ တောင်ပြိုတာ တွေဘာတွေက။ အခု ဒီကိုရောက်တာ (၂၁)နှစ် ရှိပြီ။ ဒီတစ်ခါပဲ အဲလိုမျိုး တောင်ပြိုပြီးတော့ မိုးကြီး ပြီး လူသေတယ်ဆိုတာ ကြားဖူးသေတယ်လေ။ အမတို့ အိမ်လည်း အဲ့တိုင်းပေ့ါ။ အခုတစ်ခါပဲ အိမ်ပေါ် အထိ ရေတက်ဖူးတယ်။”

ကော့သောင်းမြို့သည် တနသာင်္ရီတိုင်းအတွင်းတည်ရှိပြီး ထိုင်းနိုင်ငံ ရနောင်းနှင့် နယ်စပ်ချင်း ကပ်လျှက်ရှိကာ ပင်လယ်ရေလုပ်ငန်းနှင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများအဓိက လုပ်ကိုင်ကြသည်။

ထိုဒေသတဝိုက်တွင် လွန်ခဲ့သည့် ၂ ရက်မှစ၍ မိုးသက်လေပြင်းကျရောက်သဖြင့် ထိုင်းမိုးလေဝသ သတင်းဌာနမှ မြန်မာနိုင်ငံ ကော့သောင်း၊ ရနှောင်းနှင့် ချွန်ဖွန်ဒေသ တဝိုက်တွင် မိုးကြီး၍ ကပ္ပလီပင်လယ်အော်နှင့် ထိုင်း ပင် လယ်အော်တို့တွင် မိုးသက်လေ ပြင်းများကျရောက်နိုင်ကြောင်း ယနေ့ထုတ် The Nation သတင်းစာ၌ ဖော်ပြ ထားသည်။

Most read this week