UNFC အဖွဲ့ဝင်အဖြစ်မှ KNU နှုတ်ထွက်မှု ဆက်လက်ရပ်ဆိုင်းမည်

UNFC အဖွဲ့ဝင်အဖြစ်မှ KNU နှုတ်ထွက်မှု ဆက်လက်ရပ်ဆိုင်းမည်
by -
ကေအဲန်ဂျီ

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်အဖြစ်မှ ကရင်အမျိုးသား အစည်းအရုံး (KNU) နှုတ်ထွက်မှု ဆက်လက် ရပ်ဆိုင်းမည် ဖြစ်ကြောင်း ၆ ရက်ကြာ ဗဟို အမြဲတမ်းကော်မတီ အစည်းအဝေးက ဆုံးဖြတ်လိုက်သည်။

အောက်တိုဘာလ ၂၃ ရက်မှ ၂၉ ရက်ထိ ဗဟိုအမြဲတမ်းကော်မတီ၏ တတိယအကြိမ်မြောက် အရေးပေါ် အစည်းအဝေး ကျင်းပပြီးနောက် အချက် ၆ ချက် သဘောတူ ဆုံးဖြတ်၍ ကြေငြာချက် ထုတ်လိုက်ခြင်း ဖြစ် သည်။

UNFC အဖွဲ့ဝင်အဖြစ်မှ KNU နှုတ်ထွက်မှု ဆက်လက်ရပ်ဆိုင်းမည်

“ကျနော်တို့ကတော့ တပ်ပေါင်းစု လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ အမြဲတမ်း ပါဝင်လှုပ်ရှားနေတာဘဲ။ မတူညီ တာလေးတွေ ရှိတာဘဲ။ ညှိနှိုင်းသွားပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်များ စည်းလုံး ညီညွတ်ရေးကိုတော့ အစဉ်တစိုက် ဆက်လက် လက်တွဲ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု KNU ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုအောင်မော်အေး က ပြောသည်။

“KNU သည် UNFC နှင့် ပူးပေါင်းပါဝင်မှုနှင့် ပတ်သက်၍ KNU ဗဟိုကော်မတီဝင်များမှ လေးလေး နက်နက် ဆွေးနွေး သုံးသပ်ပြီး ဆက်လက်၍ ယာယီရပ်ဆိုင်းထားမည် ဖြစ်သည်။ ယာယီရပ်ဆိုင်းမှုကာ လအတွင်း UNFC အဖွဲ့နှင့် ဆက်လက် ညှိနှိုင်းသွားကာ လိုအပ်သလို တိုင်းရင်းသားအဖွဲ့အစည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ တိုင်းရင်းသားတို့၏ နိုင်ငံရေး ရည်မှန်းချက် အကောင်အထည်ဖော်ရေး ကို ပူးပေါင်းဆောင်ရွက်သွားမည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

UNFC အဖွဲ့ဝင်အဖြစ် ယာယီရပ်ဆိုင်းမှု ဆက်လက် ထိန်းသိမ်းမည်ဆိုသော ဆုံးဖြတ်ချက်အပေါ် KNU အနေဖြင့် အခြားတိုင်းရင်းသား အဖွဲ့အစည်းနှင့် လက်တွေ့ ပူးပေါင်း လုပ်ဆောင်စေလိုကြောင်း UNFC ၏ တွဲဘက် အထွေထွေ အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“သူတို့ဘက်က လက်တွေ့ အလုပ်တွေမှာ ဆက်လက် ပူးတွဲ လုပ်ကြမယ်ဆိုရင်တော့ မနစ်နာ မဆုံးရှံုးဘူး၊ တိုင်းရင်းသားအားလုံး စုပေါင်းလုပ်ရမဲ့ နေရာမှာ ထိန်းထိန်းသိမ်းသိမ်း၊ ဆက်လက်ပါနိုင်တယ်ဆိုရင်တော့ နာမည်က အရေးမကြီးပါဘူး။ လက်တွေ့ လုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်လို့ရှိရင်တော့ အားလုံး လက်ခံနိုင်တဲ့ အခြေအနေရှိပါတယ်။ ဒါကြောင့် အခုလို ဆုံးဖြတ်တာကိုလည်း ကျနော်တို့ သဘောပေါက်ပါတယ်” ဟု သူက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်က KNU သည် UNFC အဖွဲ့ဝင်အဖြစ် ယာယီနှုတ်ထွက်ပြီး ဆက်လက် ပါဝင်ရေး မပါဝင်ရေး ကို ဗဟိုကော်မတီ အစည်းအဝေး ဆွေးနွေး ဆုံးဖြတ်ခဲ့သော်လည်း ဆက်လက်ပြီး ယာယီ နှုတ်ထွက်ရန်သာ ထပ်မံ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးတွင် KNU မှ ခွဲထွက်ခဲ့သော ကရင် လက်နက်ကိုင် အဖွဲ့များကို ပြန်လည် စုစည်းရန် ၁၅ ကြိမ်မြောက် ကွန်ကရက်တွင် ချမှတ်ထားသည့် “ကရင်လက်နက်ကိုင် အဖွဲ့အစည်း စည်းလုံး ညီညွတ်ရေးကော်မတီ” မှ ဦးဆောင်၍ ဆက်လက် အကောင်အထည်ဖော် ဆောင် ရွက်သွားရန် ဆုံးဖြတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

၄င်းကော်မတီကို KNU ၏ နိုင်ငံရေး ဦးဆောင်မှုအောက်တွင် ကရင်လက်နက်ကိုင်အဖွဲ့များ တစ်ဖွဲ့တည်း ပြန်လည် ဖွဲ့စည်းရေး သို့မဟုတ် ကော်သူးလေးတပ်မတော် (KAF) ဖွဲ့စည်းရေးနှင့် ပတ်သက်၍ မူအားဖြင့် လက်ခံ၍ လာမည့် ၂၀၁၆ ခုနှစ်တွင် ကျင်းပမည့် ၁၆ ကြိမ်မြောက် ကွန်ကရက်တွင် ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့သည်။

KNU ၏ ၁၅ ကြိမ်မြောက် ကွန်ကရက် ကျင်းပပြီးနောက် တတိယအကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီ၏ အရေးပေး အစည်းအဝေးတွင် ကော်မတီဝင် ၄၇ ဦး တက်ရောက်ဆွေးနွေးခဲ့ပြီး လက်ရှိ နိုင်ငံရေး အခြေအနေ၊ မိမိတို့ အဖွဲ့အစညး်၏ အခြေအနေများ၊ တပ်ပေါင်းစုဆိုင်ရာ အခြေအနေများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

Most read this week