ရခိုင်ပြည်နယ်လွှတ်တော် အဆောက်အဦးသစ် ကျပ်သန်းပေါင်းများစွာ အကုန်အကျခံ တည်ဆောက်

ရခိုင်ပြည်နယ်လွှတ်တော် အဆောက်အဦးသစ် ကျပ်သန်းပေါင်းများစွာ အကုန်အကျခံ တည်ဆောက်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် လွှတ်တော် အဆောက်အဦးများကို စစ်တွေမြို့ အပြင်ဘက်တွင် ကျပ်သန်းပေါင်း ထောင်နှင့်ချီပြီး အကုန်အကျခံကာ တည်ဆောက်နေကြောင်း သိရသည်။

၎င်းလွှတ်တော် အဆောက်အဦးများကို ၂၀၁၄ ခုနှစ် ဧပြီလမှာ စတင်ကာ တည်ဆောက်နေခြင်း ဖြစ်ပြီး အခုအခါ ၈၀ ရာခိုင်နုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော် ဒု-ဥက္ကဌ ဦးသာညွှန့်က နိရဥ္စရာသို့ အတည်ပြု ပြောကြားသည်။

Arakan-state-parliament

“ စစ်တွေမြို့နယ် ရေချမ်းပြင်နားမှာ တည်ဆောက်နေတာပါ။ လွှတ်တော် အဆောက်အဦးတွေကို ၂၀၁၄ ခုနှစ် ဧပြီလက စတင် တည်ဆောက်နေတာ ဖြစ်ပါတယ်။ ၂၀၁၅ မတ်လ လောက်မှာတော့ ပြီးစီးလိမ့် မယ်လို့ မျှော် လင့်ထားပါတယ်” ဟု ဆိုသည်။

ယခုတည်ဆောက်နေသော အဆောက်အဦးများထဲတွင် လွှတ်တော်ထိုင်မည့် ပင်မ အစည်းအဝေး ခန်းမ မပါ၀င်သေးကြောင်း အဓိကအားဖြင့် လွှတ်တော်အမတ်များအတွက် ရုံးခန်းများ၊ လွှတ်တော် အမတ်များ တည်းခိုမည့် အဆင်မြင့် ဧည့်ရိပ်သာနှင့် စာကြည့်တိုက်တစ်ခုတို့ ပါ၀င်သည်ဟု ဆိုသည်။

“လွှတ်တော်အမတ်တွေ အတွက် ရုံးခန်းတွေ ဆောက်လုပ်တာက ဘတ်ဂျက်ငွေ သန်းပေါင်း ၈၉၅ သန်း၊ လွှတ်တော် အမတ်တွေ တည်းခိုမဲ့ အဆင်မြင့် ဧည့်ရိပ်သာက ကျပ်သန်းပေါင်း ၁၀၀၀ နဲ့  စာကြည့်တိုက်တစ်ခု အတွက် ကျပ်သန်းပေါင်း ၁၃၂ သန်း သုံးစွဲထားပါတယ်” ဟု လွှတ်တော် ဒုဥက္ကဌက ဆိုသည်။

အစည်းအဝေးထိုင်မည့် လွှတ်တော်အစည်းအဝေးခန်းမအတွက် လိုအပ်သော ဘတ်ဂျက်ကို ၂၀၁၅ ခုနှစ် ဘဏ္ဍာရေး ဘတ်ဂျက်မှ ချပေးမည်ဟု ဆိုသည်။

ယခု အဆောက်အဦးများအား ကုမ္ပဏီ (၁၅) ခုမှ တာဝန်ယူ တည်ဆောက်နေပြီး ယင်းကုမ္ပဏီထဲမှ အများစုမှာ အစိုးရဝန်ကြီးများ၊ လွှတ်တော်အမတ််များနှင့် နီးစပ်သော ကုမ္ပဏီများ ဖြစ်ကြသည်ဟု သိရသည်။

“ လွှတ်တော် အဆောက်အဦးတွေ သီးသန့်ဆောက်လုပ်တာတော့ ကောင်းပါတယ်။ ဒီကိစ္စကို ရခိုင်ပြည်နယ် လွှတ်တော်ထဲမှာလည်း မေးမြန်းတာတွေ ရှိတဲ့ အတွက် ဘတ်ဂျက်နဲ့ ပတ်သက်ပြီး ရှင်းလင်းတာတွေလည်း ရှိပါတယ်။ ကျနော်တို့ကတော့ ခုလို ရခိုင်ပြည်နယ် လွှတ်တော်ကြီး တစ်ခုပေါ်ပေါက်လာမှာကို ကြိုဆိုပါတယ်” ဟု မြေပုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ဆိုသည်။

ယခုကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်များ အတွက် အဆောက်အဦးများကို စစ်တွေမြို့ပြင်တွင် ကျပ်သန်းပေါင်း များစွာ အကုန်ကျ ခံပြီး တည်ဆောက်နေခြင်းမှာ ပြည်သူ့ ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့ အရေးကို စနစ်တကျ လွတ်လပ်စွာ ဆောင်ရွက်ရန် ရည်ရွယ်ပြီး ဆောက်လုပ်ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော် ဒု-ဥက္ကဌ ဦးသာညွှန့်က ပြောဆိုသည်။

ယခု တည်ဆောက်နေသော လွှတ်တော် အဆောက်အဦးများအား ရခိုင်ပြည်နယ် အစိုးရ ဘတ်ဂျက်ထဲမှ ခွဲဝေသုံးစွဲပြီး တည်ဆောက်နေခြင်း ဖြစ်ပြီး ဗဟိုအစိုးရ ဘတ်ဂျက်ငွေဖြင့် မဟုတ်ကြောင်း သူက ဆိုသည်။

ရခိုင်ပြည်နယ် လွှတ်တော်အတွက် လတ်တလော ပြည်နယ် မြို့တော်ခန်းမအား အသုံးပြုထားသဖြင့် ယခုအခါ စစ်တွေမြို့တွင် ပြည်နယ် မြို့တော် ခန်းမ မရှိဘဲ ဖြစ်နေကြောင်း သိရှိရသည်။

Most read this week