ဖားကန့်တွင် ရွှေတူးဖော်သည့်နေရာသို့ ရုတ်တရက် ဝင်ရောက်ဖမ်းဆီး

ဖားကန့်တွင် ရွှေတူးဖော်သည့်နေရာသို့ ရုတ်တရက် ဝင်ရောက်ဖမ်းဆီး
by -
ကေအဲန်ဂျီ

ကချင်ပြည် ဖားကန့်မြို့နယ် ဝါရာဇွပ်ကျေးရွာအုပ်စု (Wa Ra Zup) မိုးကောင်းချောင်းနှင့် နမ်ဆန်ချောင်း တွင် ရွှေတူးဖော်နေသူများအား အောက်တိုဘာ ၂၄ ရက် နေ့က ဖားကန့်မြို့နယ် ဌာနဆိုင်ရာပေါင်းစုံမှ ပူးပေါင်း ကွင်းဆင်းကာ ဖမ်းဆီးမှုအချို့ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ကွင်းဆင်းလေ့လာမှုကို ပြည်နယ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ သတ္တုတူးဖော်မှုဆိုင်ရာ အရာရှိများ၊ ရဲမှူးများ၊ သစ်တော တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့အပါအဝင် လာရောက်စစ်ဆေးခဲ့ခြင်းဖြစ်ရာ ရွှေကျင်သူများသည် ထွက်ပြေးတိမ်းရှောင်သွားသောကြောင့် မုန်းဆိုင်းများသာ သိမ်းသွားခဲ့သည်ဟု လိုက်ပါသွားခဲ့သော ရပ်မိရပ်ဖများ ပြောသည်။

gold-mine-in-Mogaung-river-in-Kachin-state

ထိုနေ့တွင် ရှထူးဇွပ်ကျေးရွာ (Shahtu Zup) အနီး တူးဖော်နေသော ဒေသခံများ၏ မုန်ဆိုင်း ၂ ဆိုင်းကိုသာ ဖမ်းဆီးနိုင်ခဲ့ပြီးတူးဖော်သူများသည်ထွက်ပြေးလွတ်မြောက်သွားကြောင်း ဝါရာဇွပ်ကျေးရွာအုပ်စု (Wa Ra Zup) မှ အုပ်ချုပ်ရေးမှူး ဦးနော်လောန် (Slg. Naw Lawn) KNG ကချင်သတင်းဌာန သို့ ပြောသည်။

"KIA အုပ်ချုပ်တဲ့ဘက်မှာ ရွှေဖောင်၊ လုပ်ငန်းငယ်လုပ်တဲ့သူတွေ မုန်ဆိုင်းစက်တွေနဲ့ အများပိုင်းရှိတယ် ဒါပေမယ့် ဒေသခံ အခြေအနေ လုံခြုံရေးမပေးနိုင်တဲ့အတွက်ကြောင့် ကျေးရွာအနီးတူးဖော်သူများကိုပဲ ဖမ်းဆီးခဲ့တယ်" ဟု ဆိုသည်။

ထိုသို့ အစိုးရတာဝန်ရှိသူများက ရုတ်တရက် ဖမ်းဆီးစစ်ဆေးလာခြင်းသည် ၎င်းရွှေတူးဖော်မှုနှင့် ပတ်သက်ပြီး အင်တာနက်သတင်းရပ်ကွက်တွင် ပြန့်ပွားလာခြင်းကြောင့် ဌာနဆိုင်ရာအသီးသီးမှ ကွင်းဆင်းစစ်ဆေး ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ မုန်းဆိုင်းကို အုပ်ချုပ်ရေးမှူးရုံးတွင် သိမ်းဆည်းထားပြီး ၄င်းမုန်းဆိုင်းတစ်ဆိုင်း၏ တန်ဖိုးသည် တစ်ဆိုင်းလျင် ကျပ် ၄၅ သိန်းကျော်ရှိကြောင်း သိရသည်။

ရွှေတူးဖော်မှုများကြောင့် ရှထူးဇွပ်ရွာ (Shahtu Zup) အလယ်ရှိ တံတားရေ အောက်တွင် ရေလမ်းကြောင်း ပိတ်ဆို့မှုများဖြစ်ကာ ရေလမ်းကြောင်း လွှဲပြီး သွားလာရန်ခက်ခဲခြင်းတို့ ရင်ဆိုင်ရပြီးနောက် ရွာအနီးတွင် ရွှေ တူးဖော်နေသူများအားဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဝါရာဇွပ်ကျေးရွာအုပ်စု (Wa Ra Zup) မိုးကောင်းချောင်း (Mu Gawng Hka) နှင့် နမ်ဆန်ချောင်း (Nam San Hka) တွင် ရွှေတူးဖော် သူများအား ၃ ကြိမ် ကွင်းဆင်း စစ်ဆေးခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

ထိုသို့ ဖမ်းဆီးမှုများပြုလုပ်နေသော်လည်း ဝါရာဇွပ်ကျေးရွာ (Wa Ra Zup)နှင့် နမ်ဆန်ချောင်း (Nam San Hka) တလျှောက် စက်အင်ဂျင်အကြီးစားရွှေဖောင် ၆၀ ကျော်နှင့် မုန်ဆိုင်း ၃၀၀ ဖြင့် နေ့စဉ် တူးဖော်မှုများရှိနေပြီး အစိုးရဌာန အသီးသီးအား အခွန်ဆောင်၍ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု နာမည်မဖော်လိုသော ရွှေကျင်သူများမှသိရသည်။

ဧရာမရွှေတူးဖော်မှုများကြောင့် ပင်မရေစီးကြောင်း ပျက်စီးလာကာ လုပ်ငန်းလည်ပတ်သည့် ပတ်ဝန်းကျင် အတွင်း မူးယစ်ဆေးဝါးကုန်သွယ်မှုများနှင့် လူမှုဆိုးကျိုးများ သက်ရောက်လာမည်ကို ဒေသခံများ စိုးရိမ်ပူပန်နေကြခြင်းလည်း ဖြစ်ကြောင်း သိရသည်။

၎င်းရွှေဖောင်များသည် ဟူးကောင်းဒေသ ယုဇနကုမ္မဏီ ရောက်ရှိလာသည့်  ၂၀၀၆ ခုနှစ်နောက်ပိုင်း ပိုမိုတိုးချဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများပြောသည်။

Most read this week