ငွေကြေးမလုံလောက်၍ စည်ပင်မှ စစ်တွေတွင်အမှိုက်များ ပုံမှန်မသိမ်းနိုင်

ငွေကြေးမလုံလောက်၍ စည်ပင်မှ စစ်တွေတွင်အမှိုက်များ ပုံမှန်မသိမ်းနိုင်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် အမိူက်များကို စည်ပင်မှ နေ့စဉ် မသိမ်းနိုင်ဘဲ ဖြစ်နေခြင်းမှာ ငွေကြေး ဘတ်ဂျက် အလုံအလောက် မရရှိ၍ ဖြစ်ကြောင်း စည်ပင်၏ ပြည်နယ်အဆင့် အရာရှိတစ်ဦးက ပြောကြားသည်။

အောက်တိုဘာလ ၂၂ ရက်နေ့ ရခိိုင်ပြည်နယ်အစိုးရ ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း၏ ပြည်ပခရီးစဉ်နှင့် ပတ်သက်ပြီး စစ်တွေတွင် ပြုလုပ်သော ရှင်းလင်းပွဲတွင် အမိူက်များ နေ့စဉ် မသိမ်းနိုင်သဖြင့် နေရာအချို့တွင် ညစ်ပတ်နေပြီး မြို့အင်္ဂါနှင့် မညီဖြစ်နေကြောင်းကို စစ်တွေမြို့ခံများက မေးမြန်းရာ  ယင်းအရာရှိ အထက်ပါအတိုင်း ဖြေကြားသွားခဲ့သည်။

sittwe-municipal

ယင်းနေ့ အခမ်းအနားအစီအစဉ်တွင် ရခိုင်ပြည်နယ်အစိုးရ ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းမှ သူ၏ (၄) နိုင်ငံခရီးစဉ်အပြင် စစ်တွေမြို့ စည်ပင်သာယာရေး စီမံဆောင်ရွက်နေမှု အခြေအနေကိုလည်း ထည့်သွင်းပြောကြားခဲ့ရာ စစ်တွေဒေသခံ တစ်ဦးက ယခုလို မေးမြန်းသည်။

“ အခုကျနော် စစ်တွေမှာနေပါတယ်။ အမှိုက်သိမ်းကား တပတ်မှာမှ တစ်ခါလောက်လာပါတယ်။ အမှိုက်တွေက ပုပ်နံ့ ရတော့ လူတွေ မနေနိုင်ဘူး။ နိုင်ငံတော်အစိုးရအနေနဲ့ အဲဒီကိစ္စကို စီမံဆောင်ရွက်နိုင်အောင် စီမံကိန်းရေးဆွဲထားမှု ရှိမရှိသိလိုပါတယ်” ဟု ဆိုကာ မေးမြန်းခဲ့သည်။

ယင်းပြင်သူက အမှိုက်ကိစ္စသည်အသေးအမွှားကိစ္စဟု ထင်ရသော်လည်း မြို့စည်ပင်လှပရေးနှင့် ကျန်းမာရေး အတွက် အရေးကြီးကြောင်း သူက ဆက်ပြောကြားသည်။

စည်ပင်၏ ပြည်နယ်အဆင့် အရာရှိက ယခုကဲ့သို့ ဖြစ်နေခြင်းမှာ ဘတ်ဂျက် အလုံအလောက် မရှိ၍ ဖြစ်ကြောင်း၊ သူတို့အနေဖြင့် ငွေကြေး အလုံအလောက် ရရှိပါက ဆောင်ရွက်ပေးနိုင်ကြောင်း ပြောကြား သည်။

နောက်မြို့ခံ တစ်ဦးကလည်း စည်ပင်အပြင် ပြည်သူများကလည်း မိမိတို့၏ အသိစိတ်ဓါတ်ဖြင့် စည်းကမ်း စနစ်တကျ  အမိူက်များကို ပစ်ရန်လိုအပ်ကြောင်း၊ စစ်တွေ တက္ကသိုလ်လို နေရာမျိုးတွင်ပင် အမိူက်များကို ရသလို ပစ်ထား၍ သန့်ရှင်းမူ မရှိဘဲဖြစ်နေကြောင်း ပြောဆိုသည်။

“ အောက်တိုဘာလ ၁၈ ရက်နေ့ စစ်တွေတက္ကသိုလ် ပညာရေး ဆွေးနွေးပွဲကိုသွားတော့ သန့်စင်ခန်းထဲက မျက်နှာသစ် စလုံထဲမှာ ကွမ်းတံတွေးတွေ အမှိုက်တွေနဲ့ ပြည့်နေတော့ မျက်နှာသစ်ဖို့ကိုထား လက်တောင် မဆေးချင်ဘူး”ဟု ဆိုသည်။

စစ်တွေမြို့ အမှိုက်ပြဿနာ ဖြေရှင်းရန်အတွက် (၁) အမှိုက်သိမ်းကားကို နှစ်ဆ (သို့မဟုတ်) သုံးဆ တိုးမြှင့် အသုံးပြုရန်၊ (၂) လမ်းဘေး၌ အမှိုက်ပုံးများထားရှိရန် (၃) ထွက်ရှိလာသောအမှိုက်များကို မည်ကဲ့သို့ စီမံမည်ဆိုသည်ကို စီမံကိန်း ရေးဆွဲထားရန် လိုအပ်ကြောင်း ဒေသခံများက ထောက်ပြဝေဖန် အကြံပြုသွားခဲ့သည်။

Most read this week