ကလေးစစ်သား ၈ ဦးကို နအဖက မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံ

ကလေးစစ်သား ၈ ဦးကို နအဖက မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံ
by -
ခွန်အောင်မြတ်
မြန်မာစစ်အစိုးရက မိမိသဘောဆန္ဒအလျောက် ၀င်ရောက်လာသည့် အရွယ်မရောက်သေးသူ ကလေးလူငယ် ၈ ဦးအား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခဲ့သည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပါရှိ ...

မြန်မာစစ်အစိုးရက မိမိသဘောဆန္ဒအလျောက် ၀င်ရောက်လာသည့် အရွယ်မရောက်သေးသူ ကလေးလူငယ် ၈ ဦးအား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခဲ့သည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပါရှိသည်။

ပြန်လည်အပ်နှံရေး အခမ်းအနားကို အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ် တား ဆီးထိန်းသိမ်းရေးလုပ်ငန်း ကော်မတီက က ဦးစီးပြီး ရန်ကုန်မြို့ မင်္ဂလာဒုံ တပ်နယ်ရှိ အစည်းအဝေးခမ်းမတွင် ကျင်းပခဲ့သည်။

ယခုလို အရွယ်မရောက်သေးသည့် ကလေးစစ်သားများကို မိဘအုပ်ထိန်းသူများထံ ပြန်လည် အပ်နှံခြင်းကို ကြိုဆိုသော်လည်း မြန်မာနိုင်ငံတွင် ကလေးစစ်သားအသုံးပြုမှုနှင့် ပတ်သက်ပြီး အစီရင်စာ ထုတ်ခါနီး အချိန်နှင့် တိုက်ဆိုင်နေသဖြင့် သံသယဖြစ်ဖွယ်ရှိသည်ဟု လူ့အခွင့် အရေး ပညာပေးရေးဌာန မြန်မာနိုင်ငံ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။

“အရင်တုန်းက ဒီဟာတွေ မရှိဘူးလို့ ငြင်းဆန်ရာကနေ ရှိတယ်လို့ လက်ခံလာတယ်။ အခု တဖြည်း ဖြည်းနဲ့ ကလေးတွေကို လွှတ်ပေးတယ်ဆိုတဲ့ သတင်းတွေကြားတာ ကောင်းပါတယ်။ ဒါပေမယ့် တ ကယ်တမ်းလုပ်တာလား ကုလသမဂ္ဂကနေ ဖိအားပေးခါနီး အချိန် သူတို့က ဒါကို ဟန်ပြလုပ်တာလား၊ အဲဒီဟာကတော့ ကျနော်တို့ စဉ်းစားစရာဖြစ်တယ်။ အဲတော့ တကယ်တမ်းသာ သူတို့ ဆန္ဒမှန်တယ် ဆိုလို့ရှိရင် အဲဒီ ပြန်ပြီးတော့ ပို့တဲ့ကလေးတွေကို ဘယ်သူတွေ ဘယ်နှစ်ယောက်ပို့တယ်၊ ဘယ်နေ ရာကို ဘယ်လိုအစီစဉ်နဲ့့ပို့တယ်ဆိုတာကို လူသိရှင်ကြားပြောမှ ဒါပိုပြီးတော့ ခိုင်လုံတဲ့အချက်၊ ပြီး တော့ ကောင်းမွန်တဲ့ အချက်လို့ ကျနော်တို့ သတ်မှတ် နိုင်မှာဖြစ်တဲ့အတွက် အဲဒါကို ကျနော်ထောက် ပြချင်ပါတယ်။”

ယင်းအခမ်းအနားသို့ တက်ရောက်လာကြသည့် UNICEF၊ Save the Children (Myanmar)၊  World Vision (Myanmar) တို့မှ ဌာနေ ကိုယ်စားလှယ်များ၊ ဒုတိယဌာန ကိုယ်စားလှယ်များ၊ တာဝန်ခံများသည် အသက် ငယ်ရွယ်သူလူငယ်များ၊ မိဘအုပ်ထိန်းသူများ နှင့် ရင်းရင်းနှီးနှီးတွေ့ ဆုံ၍ သိလိုသည်များကို မေးမြန်းကြသည်ဟု သတင်းစာတွင် ဖော်ပြထားသည်။

မိမိဆန္ဒအလျောက် ၀င်လာသည့် ကလေးများကိုသာ ပြန်လည်အပ်နှံသဖြင့် ဖြားယောင်း သွေးဆောင်ခံရသည့် ကလေးသူငယ်များကိုလည်း ဖော်ထုတ်ဖို့ လိုသည်ဟု ဦးအောင်မျိုးမင်း က တိုက်တွန်းသည်။

“တချို့ဇာတ်လမ်းတွေက ကလေးတွေက တကယ်ဆန္ဒမပါပဲ ၀င်ရတာ ရှိတာကိုး အဲဒီကလေး တွေ ကျ တော့ လိမ်ညာခံရတယ်။ လိမ်ညာခံပြီးတော့ အသက်ကိုလိမ်ပြီး ထည့်တာမျိုးရှိတယ်။ အဲတော့ စာရွက် ပေါ်မှာသာ အသက်သာပြည့်နေပေမယ့် တကယ်တမ်း အသက်မပြည့်သေးတဲ့ ကလေးတွေ အများ ကြီးရှိသေးတယ်။ အဲဒါမျိုးက ပိုပြီးတော့ ပိုထုတ်သင့်တာ ဖြစ်ပါတယ်။”

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့များက မြန်မာနိုင်ငံစစ်တပ်အတွင်းတွင် ကလေးစစ်သား ရ၀၀၀၀ ကျော်ရှိ သည်ဟု ခန့်မှန်းထားသည်။

Most read this week