KIO အဖွဲ့ဝင်ဟောင်းတစ်ဦး မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိ

KIO အဖွဲ့ဝင်ဟောင်းတစ်ဦး မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိ
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တွင် မူးယစ်ဆေးဝါးအကြီးစားဖြန့်ဝေရောင်းချနေသော ဦးမရစ်ဂမ်အောင် (Marip Gam Awng) အား အောက်တိုဘာလ ၂၂ ရက်နေ့ည ၁၁ နာရီချိန်က လွယ်ခေါကျေးရွာတွင် ခရစ်ယာန်အသင်းတော် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဦးမရစ်ဂမ်အောင် (Marip Gam Awng) မိသားစုသည် ရွှေညောင်ပင် ကျေးရွာမှဖြစ်ပြီး ၎င်းကို လွယ်ခေါကျေးရွာသို့အလာ၂ မိုင်အကွာရှိ ဦးလတွန်နော် (Slg. Latung Naw) ၏ လယ်တောတွင် ဘိန်းမဲ ၁၀ ကျပ်သားနှင့်အတူ ဖမ်းဆီးရမိလိုက်ခြင်း ဖြစ်သည်ဟု လွယ်ခေါအသင်းတော် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ က KNG ကချင်သတင်းဌာန သို့ပြောသည်။

၎င်းအား ဖမ်းဆီးအရေးယူခြင်းမရှိသေးမီ လှုပ်ရှားမှုများကိုစောင့်ကြည့်ကာ လွယ်ခေါအသင်းတော် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ သတိပေးမှုများ ပြုလုပ်ခဲ့သေးသည်ဟုပြောသည်။

ဦးမရစ်ဂမ်အောင် (Marip Gam Awng) ကို ဖမ်းဆီးထားချိန် အောက်တိုဘာ ၂၃ ရက်နေ့ က လွယ်ခေါကျေးရွာ အုပ်ချုပ်ရေးရုံးတွင် စစ်ဆေးမေးမြန်းခဲ့ရာ "KIA အမှုထမ်းဟောင်းဖြစ်ကြောင်း လဂျားယန် (Laja Yang) တိုက်ပွဲတွင် တိုက်ပွဲဝင်ခဲ့ကြောင်း ခန္ဓာကိုယ်တွင် ကျည်ဆံဒဏ်ရာများ အပြည့် ဖြစ်နေကြောင်း" အသင်းတော်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ မေးမြန်းခဲ့သော အမည်မဖော်လိုသူက ပြောသည်။

ထို့ကြောင့် ၎င်းသည် အရေးယူမှုတွင် အစိုးရထံသို့ လွှဲအပ်ခြင်း မပြုပဲ မိခင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ ၅ သို့သာ အပ်ရန် တောင်းဆိုခဲ့သည်ဟုဆိုသည်။

၎င်းနှင့်အတူ မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့်ပတ်သက်၍ ဦးလတွန်နော် (Slg. Latung Naw) အား လည်း ထပ်မံဖမ်းဆီးမည်ဖြစ်ကြောင်း သိရှိရသည်။

ကချင်ဒေသများတွင် မူးယစ်ဆေးဝါးများ အလွန်အကျွံပျံ့နှ့ံလျက်ရှိရာ အစိုးရအုပ်ချုပ်နယ်မြေအပြင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုုုပ်နယ်မြေရှိ အမှုထမ်းများနှင့်လည်း မူးယစ်ဆေးဝါးနှင့် ပတ်သက်ဆက်နွယ်မှု များသည်ဟု တိုက်ဖျက်ရေးအဖွဲ့များက ပြောသည်။

ထို့ကြောင့် ယခုအခါ ကချင်အမျိုးသားများကြား မူးယစ်ဆေးဝါးမှ ကင်းလွတ်နိုင်ရန် အစိုးရအုပ်ချုပ်နယ်မြေနှင့် KIO ထိန်းချုုပ်နယ်မြေတို့တွင် ခရစ်ယာန်ဂိုုဏ်းပေါင်းစုံများ စုပေါင်း၍ အသင်းတော်တိုင်းတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့များ ဖွဲ့စည်းကာ ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေကြောင်း အသင်းတော်များမှသိရသည်။

ယခုနှစ်အတွင်း မူးယစ်ဆေးဝါးဖြန့်ဝေရောင်းချမှုအပြင် သုံးစွဲသူများအား ဖမ်းဆီးမိရာတွင် ဒေသခံလူထုများ၊ KIO အဖွဲ့ဝင်များနှင့် အစိုးရ ရဲဝန်ထမ်းအပါအဝင် ဖြစ်ကြောင်း မြစ်ကြီးနား အသင်းတော် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့များမှ ပြောသည်။

ထိုသို့ ဘာသာရေးအဖွဲ့မှ ထိရောက်စွာအရေးယူမှုပြုလုပ်ရာတွင် အစိုးရဖက်မှ တားမြစ်မှုအချို့ရှိသော်လည်း အသင်းတော်အတွင်း တိုက်ဖျက်မှုများကို ခွင့်ပြုချက်အတွင်း သတိပေး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

Most read this week