(၃) လအတွင်း ANP ထူးခြားမှုမရှိလျှင် ပါတီတွင်း ပြုပြင်ပြောင်းလဲမူလုပ်ရန် တိုက်တွန်းမည်

(၃) လအတွင်း ANP ထူးခြားမှုမရှိလျှင် ပါတီတွင်း ပြုပြင်ပြောင်းလဲမူလုပ်ရန် တိုက်တွန်းမည်
by -
နိရဥ္စရာ

ရခိုင်အမျိုးသားပါတီတွင် (၃) လအတွင်း ထူးခြားတိုးတက်မှုမရှိပါက ပါတီတွင်း အရေးပေါ် အစည်းအဝေး ခေါ် ယူပြီး ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအား ပြန်လည်ရွေးကောက်တင်မြှောက်ရန် ရခိုင့်မျိုးဆက်သစ် နိုင် ငံရေးအင်အားစု အနေဖြင့် တိုက်တွန်းသွားမည်ဖြစ်ကြောင်း  ဦးခိုင်ကျော်မိုးက ပြောကြားသည်။

ရခိုင့်မျိုးဆက်သစ် နိုင်ငံရေးအင်အားစုမှ ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးခိုင်ကျော်မိုးက အောက်တိုဘာလ ၂၃ ရက်နေ့  နံနက်ပိုင်းက နိရဥ္စရာသို့ပြောကြားရာတွင် ထူးခြားပြောင်းလဲမူ မရှိလျှင် ပါတီ ဗဟိုအလုပ်အမူဆောင်ကော်မီတီကို ပြန်လည် ရွေးကောက်တင်မြှောက်ပြီး ပြုပြင်ပြောင်းလဲမူ လုပ်ရန် လိုကြောင်း ပြောကြားသည်။

Dr-Aye-Maung-delivery-speech

“အရေးပေါ်အစည်းအဝေးခေါ်ဖို့ တိုက်တွန်းမယ်ဆိုတာဟုတ်ပါတယ်။ ကျနော်ကိုယ်တိုင်ကလည်း CEC တစ်ယောက် ဖြစ်နေတော့ ကျန်တဲ့CECတွေကိုလည်း ကျနော့်အနေနဲ့တိုက်တွန်းလို့ရတာပေါ့။ ကျနော်ကလည်း မျိုးဆက်သစ် အင်အားစုမှာ ပါ၀င်နေတဲ့သူ တစ်ဦးဆိုတော ့ဒီလိုမျိုးလုပ်လို့ရတယ်ဆိုတဲ့သဘောပါ”ဟု ကိုခိုင်ကျော်မိုးက ဆိုသည်။

ရခိုင့်မျိုးဆက်သစ်နိုင်ငံရေးအင်အားစုက ထောက်ပြသည့် ပါတီတွင်းထူးခြားမှုဆိုသည်မှာ ပါတီအနေဖြင့် တစ်စုံတစ်ရာ တိုးတက်ပြောင်းလဲမူများ လုပ်ကိုင်ဆောင်ရွက်ပေးနိုင်မူကို ဆိုလိုခြင်းဖြစ်ကြောင်း ယင်းက ဆက်ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေနှင့်ပတ်သက်သော အလုပ်ရုံဆွေးနွေးပွဲ တစ််ခုကို ပါတီက ကမကထပြုလုပ်ကာ စစ်တွေတွင်ကျင်းပနိုင်ခဲ့သည့် လုပ်ရပ်မျိုးဆိုလျှင် ပါတီတွင်အလုပ် ဖြစ်သည်ဟုယူဆနိုင်ပြီး ပါတီက လုပ်သင့်လုပ်ထိုက်သည့်အလုပ်များကို ပါတီက လစ်ဟင်းလျှင် ပါတီတစ်ခု အနေဖြင့် အခြေအနေမကောင်းဟု ယူဆ နိုင်ကြောင်း ကိုခိုင်ကျော်မိုးက သုံးသပ်ပြောကြားသည်။

“၃ လစောင့်ကြည်မယ်ဆိုတာက ၃ လ အတွင်းမှာ အလုပ်ဖြစ်လား- မဖြစ်လာဆိုတာ စောင့်ကြည့်မယ်။ ကြည့််ပြီး ကျွန်တော်တို့ဘက်က တစ်ခုခုများ အပြင်ကနေ ၀ိုင်းရံပြီးတော့ တွန်းအားပေးလို့ရမလဲ။ ဒါတွေကို ကြည့်ပြီး အမျိုးသားရေး အကျိုးစီးပွားအတွက် ဆောင်ရွက်သွားပါမယ်”ဟု ယင်းက ဆက်ပြောသည်။

ရခိုင်နိုင်ငံရေးလောကတွင် မိမိကိုယ်ကို ဗဟိုပြုမူနှင့် ဂိုဏ်ဂနဝါဒ ပြင်းထန်မူတို့ကြောင့် တပ်ပေါင်းစု ဟူသသမျှ ပြိုကွဲခဲ့ရသော အစဉ်အလာရှိခဲ့ရာ ယခု အသစ်ပေါင်းစည်းထားသော ရခိုင်အမျိုးသားပါတီ အနေနှင့်လည်း ထိုကဲ့သို့  ဖြစ်လာမည်ကို ရခိုင်ပြည်သူများက အထူး စိုးရိမ်လျှက် ရှိကြောင်း သိရသည်။

သို့အတွက် ရခိုင် ရဟန်းသံဃာတော်များ၊  ပြည်သူများနှင့် လူမှုအဖွဲ့အစည်းများက ပါတီစည်းလုံးညီညွတ်ရေးနှင့် ကျစ်လစ်ခိုင်မာရေးအတွက် စိတ်ရှည်ရှည်ဖြင့် သည်းခံတရားထားကာ ၀ိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းမူများ ပြုလုပ်နေကြသည်ဟု သိရသည်။

ရခိုင်မျိုးဆက်သစ်များက တိုက်တွန်းနေသော်လည်း ပါတီတွင်းဖွဲ့စည်းပုံတွင်ပါရှိ သည့် အပ်နှင်းထားသည့် အာဏာအတိုင်းသာ ကျင့်သုံး သွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသား ပါတီ၏ ဒုတိယ ဥက္ကဋ္ဌ တစ်ဦးဖြစ်သူ ဦးဖိုးမင်းက တုန့်ပြန်ပြောကြားသည်။

“အဲဒါက ရခိုင်မျိုးဆက်သစ်တွေရဲ့သဘောထားကိုထုတ်ပြန်တာပဲဖြစ်မယ်။ကျွန်တော်တို့မှာက ရခိုင်အမျိုးသားပါတီ ညီလာခံကျင်းပပြီးကတည်းကနေ ပါတီဖွဲ့စည်းပုံမှာပါတဲ့အတိုင်း CEC များအတွက် ရှိတဲ့မူအ တိုင်းပဲ ကျင့်သုံးမှာပါ။ သူတို့ဘက်က ဒါလုပ်ပါလို့ သြဇာပေးလို့တော့ ရနိုင်မှာမဟုတ်ပါဘူး”ဟု ဦးဖိုးမင်းက ဆိုသည်။

ယင်းအပြင် ရခိုင့်နိုင်ငံရေးအင်အားစုက ယခုကဲ့သို့ပြောဆိုလိုက်ခြင်းမှာ ပါတီသို့ တရားဝင်ပြောဆို ထားခြင်းမရှိသေးသည့် အတွက် ယခုလ ၂၅ ရက်နှင့်၂၆ ရက်နေ့တို့၌ စစ်တွေရှိ ပါတီဌာနချုပ်တွင် ဒုတိယအကြိမ်မြောက်ပြုလုပ်မည့် ပါတီဗဟို အလုပ်အမှုဆောင်ကော်မတီဝင် အစည်းအဝေးတွင် သူတို့ ပြောစကားကို ထည့်သွင်း စဉ်းစားမည်မဟုတ်ကြောင်းလည်း ဦးဖိုးမင်းက ဆက်ပြောသည်။

ရခိုင်အမျိုးသားပါတီ၏ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနေရာများအပါအဝင် ထိပ်ပိုင်း ခေါင်းဆောင်နေရာများကို ကိုယ်တိုင် မတ်တတ်ရပ်ပြီး အဆိုပြုစနစ်ဖြင့် ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်မှ ၃၀ ရက်အထိ သံတွဲရှိ ငပလီကမ်းခြေ တွင်ပြုလုပ်ခဲ့သော ရခိုင်အမျိုးသားပါတီညီလာခံနောက်ဆုံးနေ့တွင် ညီလာခံသို့တက်ရောက်လာသူများ က ရွေးချယ်ခဲ့ကြသည်။

ရခိုင့်မျိုးဆက်သစ် နိုင်ငံရေးအင်အားစုကိုမူ ရခိုင်အမျိုးသား အကျိုးစီးပွားအတွက် တတ်နိုင်သည့်ဘက်က ၀ိုင်းဝန်း လုပ်ဆောင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် လူလတ်ပိုင်း အသက် (၄၀) အရွယ်  ရခိုင် အမျိုးသားများက  ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက စစ်တွေတွင်ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

Most read this week