အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်ကြား ငြိမ်းချမ်းရေးဆွေးနွေးမှု လိပ်ခဲတည်းလည်း ဖြစ်နေဆဲ

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်ကြား ငြိမ်းချမ်းရေးဆွေးနွေးမှု လိပ်ခဲတည်းလည်း ဖြစ်နေဆဲ
by -
ကေအဲန်ဂျီ

အစိုးရက ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖြေရှင်းရန် လုပ်ဆောင်နေသော်လည်း လက်တွေ့တွင် နောက်ပြန်ဆုတ်သော လုပ်ဆောင်ချက်များကြောင့် ဆွေးနွေးပွဲများသည် ယနေ့ထိ ပြေလည် မှုမရှိသေးကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ပထမဆုံးအကြိမ် အသစ်ပြန်လည်ဖွဲ့စည်းထားသည့် ကောင်စီမျက်နှာစုံညီ အစည်းအဝေးတွင် ထုတ်ပြန်လိုက်သည်။

“အစိုးရအနေဖြင့် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးဖြေရှင်းရန် လုပ်ဆောင်နေသည်ဟု ပြောနေသော်လည်း လက်တွေ့ အကောင်အထည်ဖော်ရာတွင် တန်းတူခြင်း၊ တရားမျှတခြင်း မရှိသည့်အပြင် နောက်ပြန် ဆုတ်သော လုပ်ဆောင်ချက်များကြောင့် ဆွေးနွေးပွဲများ လိပ်ခဲတည်းလည်းဖြစ်နေရသည်" ဟု အောက်တိုဘာလ ၂၂ ရက်နေ့ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

UNFC ၏ ပထမဆုံးအကြိမ် ကောင်စီအစည်းအဝေးကို အောက်တိုဘာလ ၂၀ ရက်မှ ၂၂ ရက်ထိ ထိုင်းနယ်စပ် တစ်နေရာတွင် သုံးရက်ကြာ ကျင်းပခဲ့ပြီးနောက် ယင်းတို့ဖွဲ့စည်းထားသော ဌာနဆိုင်ရာ လုပ်ငန်းစဉ်များ ချမှတ်ခြင်း အပါအဝင် အချက် ရ ချက်ကို ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေး ပြဿနာကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေမရှာပဲ စစ်အင်အားဖြင့်သာ အဓိက ဖြေရှင်းနေခဲ့သဖြင့် ယနေ့တိုင်ပြေလည်မှု မရရှိသေးကြောင်း တိုင်းရင်းသားများ လိုလားသော ဖက်ဒရယ် ပြည်ထောင်စုနှင့် တူညီမှု မရှိကြောင်း UNFC ၏ အထွေထွေ အတွင်းရေးမှူး ခူဦးရယ် က ပြောသည်။

“တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ အစိုးရက ပင်လုံသဘောတူညီချက်အရ ပြည်ထောင်စု စနစ်ကို တည်ဆောက်မယ် လို့ ပြောပေမဲ့ ဒီနေ့ထိ သူတို့ပြောနေတဲ့ ပြည်ထောင်စု ဆိုတာက အတုအယောင် ပြည်ထောင်စုပေါ့ ကျနော်တို့နဲ့ သဘောတူထားခဲ့တဲ့ ဖက်ဒရယ် ပြည်ထောင်စုမျိုး မဟုတ်တော့ဘူးလို့ ကျနော်တို့ ငြင်းဆိုတာ ဖြစ်တယ်” ဟု သူက ပြောသည်။

ထို့ပြင် မြန်မာ့တပ်မတော်မှ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်များတွင် စစ်ဆင်ရေးများ စဉ်ဆက် မပြတ် ပြုလုပ်နေပြီး တိုက်ပွဲများ ဖြစ်ပွားနေခြင်းနှင့် တခြားသော တိုင်းရင်သားပြည်နယ်များတွင်လည်း စစ်ရေးပြင်ဆင်မှုများကို လုပ်ဆောင်နေသဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားမှု ရှိ၊ မရှိ UNFC က သံသယ ဖြစ်နေသည်ဟု ဆိုထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းနှင့် အောက်တိုဘာလဆန်းပိုင်းတွင် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းတပ်မတော် (SSPP/SSA) တို့နှင့် အစိုးရ စစ်တပ်တို့ တိုက်ပွဲ ဖြစ် ပွားခဲ့သလို၊ ကချင်ပြည်နယ် ဖားကန့်ဒေသတွင်လည်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ၏ တပ်စခန်း ဆုတ်ခွာရန် အစိုးရက အကြိမ်ကြိမ် သတိပေးခဲ့သဖြင့် ယနေ့ထိ နှစ်ဖက်စစ်ရေးတင်းမာ ရှိနေဆဲ ဖြစ်သည်။

UNFC သည် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် တိုက်ပွဲ ဖြစ်ပွားနေမှုကို ရပ်တန့်ရန်နှင့် အမြန်ဆုံး အရေးယူဆောင်ရွက်ပေးရန် အောက်တိုဘာလ ၁၅ ရက်က အချက် ၅ ချက်ဖြင့် ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

သုံးရက်ကြာ အစည်းအဝေးတွင် UNFC တွင် ဖွဲ့စည်းထားသော သုတေသနနှင့် ဥပဒေရေးရာဌာန၊ နိုင်ငံခြားရေးရာဌာန၊ စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန၊ ဘဏ္ဍာရေးဌာန၊ ကာကွယ်ရေး ဌာန၊ စည်းရုံးရေး သတင်းနှင့် ပြန်ကြားရေးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဌာန ဆိုင်ရာများတွင်လည်း ခိုင်မာသည့်လုပ်ငန်းစဉ်များကို ဆွေးနွေး ဆုံးဖြတ်ခဲ့သည်ဟု ခူဦးရယ် က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံနှင့် ဆက်စပ်သော နိုင်ငံတကာ အခြေအနေ၊ ပြည်တွင်း အခြေအနေ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ အခြေအနေနှင့် ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ ညှိနှိုင်း ဆွေးနွေးပွဲ အခြေအနေများကို သုံးသပ်၍ အခြေအနေနှင့် ကိုက်ညီသော ရှေ့ လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့သည်ဟု သိရသည်။

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလက တိုင်းရင်းသား ညီလာခံကြီးမှ UNFC ကို စတင်ဖွဲ့စည်းခဲ့ပြီး လက်နက်ကိုင် အဖွဲ့အစည်း ၁၂ ဖွဲ့ ပါဝင်ဖွဲ့စည်းထားသည်။

Most read this week