မောင်တောမြို့နယ်သို့ နတလ စံပြကျေးရွာသား ၃၀၀ ထပ်မံရောက်ရှိ

မောင်တောမြို့နယ်သို့ နတလ စံပြကျေးရွာသား ၃၀၀ ထပ်မံရောက်ရှိ
by -
မင်းဆက်ခိုင်
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်တွင် တည်ဆောက် နေသော နတလ စံပြ ကျေးရွာများတွင် အခြေချ နေထိုင်ရန် အတွက် ရန်ကုန်မှ စံပြကျေးရွာသား ၃ဝဝ သည် မောင်တောသို့ ယနေ့ နံနက်က ထပ်မံ ရောက်ရှိလာ ...

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်တွင် တည်ဆောက် နေသော နတလ စံပြ ကျေးရွာများတွင် အခြေချ နေထိုင်ရန် အတွက် ရန်ကုန်မှ စံပြကျေးရွာသား ၃ဝဝ သည် မောင်တောသို့ ယနေ့ နံနက်က ထပ်မံ ရောက်ရှိလာသည်။

ရောက်ရှိလာသူများ အထဲတွင် အမျိုးသား ၁၇၉ ဦးနှင့် အမျိုးသမီး ၁၂၁ ဦးတို့ဖြစ်ပြီး သူတို့ကို ယခင် တည်ဆောက်ထားသော နတလ စံပြကျေးရွာ (၄) တွင် နေရာချ ပေးသွားမည် ဖြစ်သည်ဟု တာဝန်ရှိသူ တဦးက ပြောသည်။

“သူတို့ကို အိမ်တွေ လစ်လပ်နေတဲ့ စံပြကျေးရွာတွေ ဖြစ်တဲ့ တောင်ပြို(ဝဲ)၊ လောင်းတုံ၊ အောင်သာယာနဲ့ ခရေမြိုင်တွေမှာ နေရာချပေးမှာ ဖြစ်ပြီး အခုဘဲ သူတို့ အေးဒီရွာတွေကို ထွက်ခွာသွားပါပြီ။”

အဆိုပါ စံပြကျေးရွာသားများမှာ ရန်ကုန်မှ စစ်တွေကို သင်္ဘောကြီးများ လာရောက်ခဲ့ကြပြီး စစ်တွေမှ ဘူးသီးတောင်ကို သင်္ဘောဖြင့်၎င်း၊ ဘူးသီးတောင်မှ မောင်တောကို ကားဖြင့်၎င်း လာရောက်ခဲ့ကြသူများ ဖြစ်သည်။

ယခုအခါ နယ်စပ်တွင် စံပြကျေးရွာပေါင်း ၄ဝ ကျော်ရှိပြီး မောင်တောမြို့နယ်တွင်၂၉ ရွာ ရှိသည်။ မောင်တောမြို့နယ်တွင် လူဦးရေ တသောင်းကျော် ရောက်ရှိနေပြီ ဖြစ်သည်။ ယခုနှစ် စောစောပိုင်းကလည်း စံပြကျေးရွာသား (၅ဝဝ) ရန်ကုန်မှ ရောက်ရှိလာခဲ့သည်။

ယခင်က စံပြကျေးရွာ တည်ဆောက်ရေး စီမံကိန်းကို ဘူးသီးတောင် ဗျူဟာမှ တာဝန်ယူ လုပ်ဆောင်ခဲ့ပြီး ယခုအခါ ပြည်ထဲရေး ဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေသည်ဟု သိရသည်။

အမည် မဖေါ်လိုသူ ရယက ဥက္ကဌ တဦးက “ကျွန်တော်တို့ ပြည်ထဲရေး ဌာနကကို လွဲလိုက်တော့ ပိုက်ဆံ အကောက် အပြုက လွတ်မလာလို့ စိတ်ကထင်နေတာ။ ခုက ပိုပြီး ဆိုးသွားတယ်။ မောင်တော မယကမှ ရပ်ကွက် ကျေးရွာ တခုစီကို သူတို့ကို မီးဖိုဆောင်သုံး ပစ္စည်းတွေ ဝယ်ပေးမယ် ဆိုပြီး ကျပ်ငွေ ၅ဝဝဝဝ စီကောက်ပါတယ်။ ကျွန်တော်တို့ ရယကတွေလည်း ငွေကောက်အားကြီးလို့ ရွာသား ဆဲဆိုတာကိုခံနည်းရတာလည်း မနည်းတော့ပြီ ဖြစ်ပါတယ်။” ဟု ပြောသည်။

Most read this week