အခွန်ဖြင့် အကြီးစားရွှေတူးဖော်မှုများကြောင့် ဆိုးကျိုးအန္တာရာယ် ဒေသခံများ စိုးရိမ်

အခွန်ဖြင့် အကြီးစားရွှေတူးဖော်မှုများကြောင့် ဆိုးကျိုးအန္တာရာယ် ဒေသခံများ စိုးရိမ်
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါရာဇွပ် (Wa Ra Zup) ကျေးရွာအုပ်စု မိုးကောင်းချောင်းနှင့် နမ်ဆန်ချောင်း ကားလမ်းမဘေးတွင် ဧရာမ ရွှေတူးဖော်မှုများကြောင့် ပင်မ ရေစီးကြောင်း ပျက်စီးလာကာ ဒေသခံများ ဆိုးကျိုးအန္တာရာယ်စိုးရိမ်နေကြောင်းသိရသည်။

မိုးကောင်းချောင်းနှင့် နမ်ဆန်ချောင်းကားလမ်းဘေးတလျှောက် ရွှေဖောင် ၆၀ ကျော်သည် အစိုးရထံ အခွန်ပေးဆောင်ကာ နေ့စဉ်မရပ်မနားရွှေတူးဖော်နေခြင်းဖြစ်ကြောင်း ဒေသခံများပြောသည်။

gold-mining-in-Hugawng-Valley

ရွှေတူးဖော်သူများထဲက စီမံခန့်ခွဲရေးဥက္ကဌတဦးဖြစ်သူ ရှထူးဇွပ် (Shahtu Zup) ကျေးရွာရှိ ဦးဂွမ်ရိန်တူး (Slg Gumring Tu) သည် ရပ်ရွာဖွ့ံဖြိုးရေးဟုဆိုကာ ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံ ခွင့်တောင်းကာ တူးဖော်နေခြင်း ဖြစ်သော်လည်း ရှထူးဇွပ် တွဲဖက်အထက်တန်းကျောင်း ကုန်းဆင်းနှင့် ကားလမ်းမကြား ကွန်ကရစ်လမ်း ပေ ၆၀ ခန့် ခင်းထားရုံမှလွှဲ၍ အခြားမရှိကြောင်း ရှထူးဇွပ် ဒေသခံတစ်ဦးပြောသည်။

"ကျေးလက် ဒေသဖွံ့ဖြိူးရေးဆိုတဲ့ခေါင်းစဉ်နဲ့ လုပ်တယ်လို့ပြောတယ် ဒါပေမယ့် ဒေသဖွံ့ရေးအတွက် ဘာမှလုပ်တာမတွေ့သေးဘူး" ဟု ပြောသည်။

ကားလမ်းဘက်ရှိ သဘာဝအရင်းအမြစ် တောင်များတွင်လည်း စက်အင်ဂျင်အကြီးစား ရွှေဖောင် ၆၀ ဖြင့်သာမ က ရွှေမုန်ဆိုင်းခေါ် ရွှေတူးဖော်နေသည့် စက် ၃၀၀ ကျော်လည်း တူးဖော်နေကြောင်း ရွှေတူးဖော်လုပ်သားမှ တဆင့် သိရသည်။

ရွှေတူးဖော်သူများသည် စီမံခန့်ခွဲရေးတွင် ဥက္ကဌ ဦးဂွမ်ရိန်တူးနှင့် ဦးဇော်တောင်၊ တရုတ်လူမျိုး အားယုန် နှင့် အားချန်တို့ဖြစ်ကာ စက်အင်ဂျင်အကြီးစားဖြင့်တူးဖော်နေသော ရွှေဖောင်များသည် သခင်စစ်ခေါ်လဆန်အောင် ဝါ ဂျိန်းဖော့မြေ၊ ဦးဇခုန်တိန့်ယိန်းအစ်မဖြစ်သူ ဒေါ်ယိန်းမျှော် ဂျေဝါကုမ္ပဏီများဖြစ်ကြောင်း သိရှိရသည်။

၁ လလျင် အခွန်ငွေကို ၄ ပေကော်တပ်ဆင်ထားသော ရွှေဖောင်အတွက် အခွန်အကောက် ဦးစီးချုပ်သို့ ကျပ် ၅သိန်း၊ ၂ ပေကော် ၃ ပေကော်အတွက် ကျပ် ၃ သိန်း ပေးဆောင်နေရပြီး ဝါရာဇွပ် (Wa Ra Zup) ကျေးရွာ အုပ်ချုပ်ရေးမှူးကို ၁၀ သိန်း၊ ဒကစ (တနိုင်း) ကို ၁၅ သိန်း၊ ကားမိုင်းရဲစခန်းမှူးအား ၅သိန်း၊ ဒွန်ဘန် (စရဖ)အား ၄ သိန်း၊ ကားမိုင်း (SB) အား ၂ သိန်း၊ ဖားကန့် (လဝက) အား ၁၀ သိန်း နှင့် ဖားကန့်မြို့နယ်မှူးကို ကြံုလျှင် ၁၀ သိန်း ဝန်းကျင်ပေးဆောင်နေရကြောင်း ရွှေတူးဖော်နေသူများထံမှသိရှိရသည်။

ထိုသို့ မိုးကောင်းချောင်းနှင့် နမ်ဆန်ချောင်းကားလမ်းမဘေးတွင် စက်အင်ဂျင်အကြီးစားများဖြင့် နေ့ည တူးဖော်နေပြီး ချောင်းရေ ပင်ပရင်းမြစ် ပျောက်ဆုံးကာရေကြီးမှုများဖြစ် လာခြင်းကြောင့် ကျေးရွာများ ရေလွမ်းမိုး သွားနိုင်သည့် အခြေအနေရှိနေသည်ဟု ဒေသခံများစိုးရိမ်နေသည်။

ထို့အတူ ဧရာမ တူးဖော်မှုများကြောင့် သဘာဝသယံဇာတများ ပျက်စီးလာရုံသာမက လူမှုရေး ဆိုးကျိုးများလည်း ရင်ဆိုင်လာနိုင်ကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG) အတွင်းရေးမှူး ဦး စားဂျီး KNG ကချင်သတင်းဌာန သို့ ပြောသည်။

"သဘာဝတရားနှင့် ပတ်သက်ပြီး ထိခိုက်ဆိုးရွားလာမယ်။ အဲဒီဒေသမှာရှိတဲ့ အမျိုးသမီးတွေ စာရိတ္တပျက်ပြား လာမယ်။ အခုပြောနေတဲ့ တိုက်ဖျက်နေတဲ့မူးယစ်ဆေးတွေ ပေါတဲ့နေရာဖြစ်လာမယ်။ လူဆိုးလူမိုက်တွေ ပေါ လာမယ်။ အဲဒီအတွက်ကြောင့် ဒေသခံတွေအတွက် အရန်းစိုးရိမ်ရတယ်" ဟု ပြောသည်။

အဆိုပါ ရွှေတူးဖော်မှုနှင့်ပတ်သက်၍ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း (Lajawn Ngan Seng) က ၂၀၁၁ ခုနှစ်တွင် ရွှေဖောင်များကို ရုပ်သိမ်းရန်တားဆီးမှုများရှိခဲ့သော်လည်း ထိရောက်စွာ အရေးယူခြင်း မရှိသည့် တဖက်တွင် တူးဖော်မှုများ ဆက်လက်တိုးချဲ့လာနေခြင်းဖြစ်ကြောင်း သိရသည်။

၎င်းရွှေဖောင်များသည် ၂၀၀၆ ခုနှစ်ကတည်းက ဟူးကောင်းချိုင့်ဝှမ်းဒေသသို့ ယုဇနကုမ္ပဏီရောက်ရှိလာ ချိန်မှ ရွှေတူးဖော်မှုများ ဧရာမ တိုးချဲ့လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

http://goo.gl/E6IjB0

Most read this week