စစ်တွေလျှပ်စစ်မီး မကြာခဏ ပြတ်ခြင်းမှာ ဓာတ်အားလိုင်းများ ပြုပြင်နေခြင်းဟုဆို

စစ်တွေလျှပ်စစ်မီး မကြာခဏ ပြတ်ခြင်းမှာ ဓာတ်အားလိုင်းများ ပြုပြင်နေခြင်းဟုဆို
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေခြင်းမှာ ပြုပြင် ပြောင်းလဲမူ များ ဆောင်ရွက်နေ၍ ဖြစ်ကြောင်း စစ်တွေမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးလုပ်ငန်း တာဝန်ရှိသူများ က ပြောသည်။

စစ်တွေတွင် လာမည့်ဒီဇင်ဘာလအတွင်း မဟာဓာတ်အားလိုင်းမှ ဓာတ်အားများဝင်ရောက်လာ ပါက ဓာတ်တိုင် လဲကျခြင်းများ၊ လျှပ်စစ်မီးကြိုးများပြတ်တောက်ခြင်းများဖြစ်ပွားမှုမရှိရအောင် ဓာတ်အား လိုင်းများကို ပြုပြင်နေ သဖြင့် ယခုကဲ့သို့ မီးပြတ်တောက်ခြင်း ဖြစ်သည်ဟု လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးလုပ်ငန်း စစ်တွေမြို့နယ်၊ လျှပ်စစ် အင်ဂျင်နီယာ ဦးရာဇာအောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

Sittwe-electricity-announcement

“ဒီဇင်ဘာမှာ ကျွန်တော်တို့က ဓာတ်အားလက်ခံရတော့မယ်လေ။ ဓာတ်အားလက်ခံမယ့် အတွက် လိုင်းတွေ၊ တိုင်တွေ အသစ်လဲတာတို့၊ ကြိုးတွေလဲတာတို့လုပ်နေပါတယ်။ တစ်မြို့လုံးအနေအထား ပြတ်တာတော့ မဟုတ်ပါဘူး”ဟု ယင်းက ဆိုသည််။

နှစ်ပေါင်း ၅ဝ ကျော်ကြာမြင့်နေပြီဖြစ်သည့် စစ်တွေမြို့မှ ဟောင်းနွမ်းနေ သောဓာတ်တိုင်များနှင့် ဟောင်းနွမ်း ဓာတ်ကြိုးများကို စစ်တွေတစ်မြို့လုံးတွင် ယခုအခါ အသစ်လဲလှယ် တပ်ဆင် နေသည်ဟု သူက ဆိုသည်။

“ ခုလို ဆောင်ရွက်နေရတဲ့ အတွက် လျှပ်စစ်မီး  ပြတ်တောက်နေခြင်းဖြစ်ပါတယ်။ တချို့ လိုအပ်တဲ့နေရာတွေဆို ပိတ်ပြီး လုပ်ရတာပေါ့နော်။ တကယ်လုပ်မယ်ဆိုရင်တော့ တစ်နေကုန် ပိတ်ရမှာ။ ဒါပေမယ့် တစ်နေကုန်ပိတ်မယ်ဆိုလည်း သိပ်မကောင်းတဲ့အတွက် အချိန်နဲ့ကန့်သတ်ပြီး အပိုင်းလိုက် လုပ်ကိုင်ဆောင်ရွက်နေပါတယ်” ဟု ဆိုသည်။

စစ်တွေတွင် ယခုကဲ့သို့လျှပ်စစ်မီးပြတ်တောက်နေမှုမှာ လာမည့်ဒီဇင်ဘာလမတိုင်မီအထိ အပိုင်းလိုက် ဆက်လက် ပြတ်တောက် နေဦးမည်ဖြစ်ကြောင်း ဦးရာဇာအောင်က ဆက်ပြောသည်။

အဆိုပါ မီးပြတ်တောက်မှုမှှာ နံနက်ပိုင်း၊ နေ့လယ်ပိုင်းနှင့် ညနေပိုင်းတို့တွင် ပြတ်တတ်သော်လည်း တစ်မြို့လုံး အနေအထား ပြတ်တောက်နေခြင်းမဟုတ်ဘဲ နေရာကွက်၍ ပြတ်တောက်နေခြင်း ဖြစ်သည်။

“မီးက ခဏခဏပြတ်နေတော့ အလုပ်တွေနားထားရတယ်။ မီးပြတ်ချိန်ကလည်း ဘယ်အချိန် ပြတ်မယ်ဆို တာမသိတော့ တော်တော်ဒုက္ခရောက်တယ်။ တတ်နိုင်ရင် မီးဘယ်အချိန်ကနေ ဘယ်အချိန်ထိ ဘယ်ရပ်ကွက်မှာ မီး ပြတ်မယ်ဆိုတာကို အသံချဲံ့စက်နဲ့ အော်ပီး သတိပေးသင့်ပါတယ်”ဟု စစ်တွေမြို့မှ မိတ္တူဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ရန်ကုန်ရှိ မြို့နယ် တချို့တွင် မီးပြတ်မည်ဆိုပါက အသံချဲ့စက်ဖြင့် သတိပေးပြီး မည်သည့်အတွက်ကြောင့် မီးပြတ်ရသည်ကိုပါ ထည့်သွင်းကျေညာလေ့ရှိကြောင်း သိရသည်။

စစ်တွေတွင် ယခုလအစောပိုင်းမှစတင်ကာ နေ့စဉ်ကဲ့သို့လျှပ်စစ်မီးပြတ်တောက်နေသည့်အ တွက် လျှပ်စစ်မီး သုံးစွဲနေသူများ အပါအဝင် လျှပ်စစ်မီးကိုအားထားနေရသည့်စီးပွားရေးလုပ်ငန်းရှင်များ အတွက် နစ်နာမှုများ ရှိကြောင်းလည်း သိရသည်။

“မီးပြတ်ရင်လည်း တော်တော်နဲ့ပြန်မလင်းဘူး။ နာရီဝက်၊ တစ်နာရီ၊ တစ်ခါတလေ နှစ်နာရီနီး ပါးလောက် တောက်လျှောက်ပြတ်တာ။ ကျွန်မတို့က လျှပ်စစ်မီးအားကိုးပြီး အလုပ် လုပ်နေကြသူတွေဆိုတော့ ခုလို ခဏခဏ ပြတ်တော့ စီးပွားရေး ထိခိုက်ပါတယ်”ဟု စစ်တွေမြို့မှ လျှပ်စစ်မီးသုံးစွဲသူ အိမ်ရှင်မတစ်ဦး က ပြော သည်။

ဒီဇင်ဘာလမှ စတင်ပြီး စစ်တွေ အပါအဝင် ရခိုင်မှ မြို့ (၁၁) ခုကို မဟာဓါတ်အားလိုင်းမှ လျှပ်စစ်မီး ၂၄ နာရီကို တယူနစ် အစိုးရစျေး ၃၅ ကျပ်နုန်းဖြင့် ဖြန့်ဖြူး ပေးတော့မည် ဖြစ်ကြောင်း ပြည်နယ် အစိုးရမှ ကြေငြာဆိုင်း ဘုတ်ထောင်ပြီး ရခိုင်လူထုအား အကြီးအကျယ်ဆွဲဆောင်မူများ ပြုလုပ်နေချိန်တွင် လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေသဖြင့် လူထု အတွင်း အခက်အခဲများ ဖြစ်ပေါ်နေသည်ဟု သိရသည်။

လာမည့်ဒီဇင်ဘာလတွင် ရခိုင်ပြည်နယ်ရှိ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ရမ်းဗြဲ၊ အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ကျောက်ဖြူ၊ မင်းပြားနှင့် မအီမြို့များကို မဟာဓာတ်အားလိုင်းမှ တဆင့် လျှပ်စစ်မီး ၂၄ နာရီဖြန့်ဖြူး ပေးသွားမည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ကြေညာထားသည်။

အဆိုပါမြို့များကို မဟာဓာတ်အားလိုင်းမှလျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရာတွင် တစ်ယူနစ်လျှင် ၃၅ ကျပ်နှင့် ယူနစ် ၁ဝဝ သုံးစွဲပါက ကျပ် ၄ဝ ပေးဆောင်ရမည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ယခုလ ၁၃ ရက်က စစ်တွေတွင် မြို့ခံများနှင့်တွေ့ဆုံစဉ်ပြောခဲ့ သည်။

Most read this week