ပုဏ္ဏားကျွန်းတွင် ခရီးသည်တင် မော်တော်ဘုတ်တစ်စီး ထပ်မံ နစ်မြုပ်၍ လူ ၃ ဦးသေဆုံး

ပုဏ္ဏားကျွန်းတွင် ခရီးသည်တင် မော်တော်ဘုတ်တစ်စီး ထပ်မံ နစ်မြုပ်၍ လူ ၃ ဦးသေဆုံး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အောက်တိုဘာလ ၁၈ ရက်နေ့က ခရီးသည်တင် မော်တော်ဘုတ် တစ်စီး ထပ်မံနစ်မြုပ်မှုကြောင့် လူ ၃ ဦးသေဆုံးသွားကြောင်း ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှ ရဲအုပ်ဦးထွန်းဝင်းက ပြောကြားသည်။

“အကုန်လုံး ၃ ယောက်သေပါတယ်။ တစ်ယောက်ကိုတော့ ဒီနေ့(၂ဝ ရက်) နေ့ခင်း ၁ နာရီခွဲ က ပုဏ္ဏားကျွန်းနဲ့ ကုလားတန်မြစ်ကြားမှာ အလောင်းရှာတွေ့တယ်။ ကျန်တဲ့နှစ်ယောက်ရဲ့ အလောင်းတော့ ရှာမတွေ့သေးဘူး။ ရှာနေတုန်းပဲ”ဟု ယင်းက နိရဥ္စရာသတင်းဌာနသို့  ပြောဆိုသည်။

Ponna-Kyunt1

ယခုရှာဖွေတွေ့ရှိခဲ့သည့် အလောင်းမှာ ပေါက်တောမြို့နယ်၊ လက်ပံပြားကျေးရွာမှ အသက် ၃၂ နှစ်အရွယ်ရှိ ဦးကျော်မင်းသူ (ဘ-ဦးသိန်းလွင်)ဖြစ်ကြောင်း ရဲအုပ်ထွန်းဝင်းမှ  အတည်ပြု ပြောကြားသည်။

လက်ပံပြားကျေးရွာနေ ဦးကျော်သန်းပိုင်သော ပုဏ္ဏားကျွန်းနှင့် လက်ပံပြားသို့ပြေးဆွဲနေသည့် အဆိုပါ ခရီးသည်တင် မော်တော်ဘုတ်မှာ အောက်တိုဘာလ ၁၈ ရက်နေ့၊ ညနေ ၄ နာရီအချိန်က ပုဏ္ဏားကျွန်းမြို့မှ လက်ပံပြားသို့ ထွက်ခွာလာစဉ် ပုဏ္ဏားကျွန်းချောင်းဝနှင့် ကုလားတန်မြစ်ဆုံရေဝဲတွင် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရီးသည် ၁၆ ဦး၊ မြေဆီအိတ် ၃၅ အိတ်နှင့် သစ် ၂ တန်ခန့်တင်ဆောင်လာသောအဆိုပါမော် တော်ဘုတ်မှာ ခံနိုင်ဝန်အားထက် ပိုမိုတင်ဆောင်ခဲ့မှုကြောင့် ယခုကဲ့သို့နစ်မြုပ်သွားခြင်းဖြစ်ကြောင်း ရဲအုပ်ထွန်းဝင်းက ဆိုသည်။

“ကျန်တဲ့အလောင်းနှစ်လောင်းကိုတော့ ဆက်ရှာဖွေနေတုန်း ဖြစ်ပါတယ်။  စက်လှေပိုင်ရှင်လည်း တိမ်းရှောင်နေတဲ့အတွက် စုံစမ်း စစ်ဆေးနေပါတယ်” ဟု ယင်းက ပြောသည်။

ယခုနစ်မြုပ်သွားသည့်စက်လှေပေါ်ပါပစ္စည်းများ၏ဆုံးရှုံးမှုတန်ဘိုးများကိုလည်း တွက်ချက် စစ်ဆေးနေဆဲဖြစ် သည့်အတွက် အသေးစိတ်မသိနိုင်သေးကြောင်း ရဲအုပ်ထွန်းဝင်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် ယခုလအတွင်း မော်တော်ဘုတ်များ မကြာခဏနစ်မှုကြောင့် လူသေဆုံးမှု များလည်း မြင့် တက် နေသည်ကို တွေ့နေရသည်။

ယခုလ ၁၅ ရက်နေ့၊ ညနေပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ စင်းဘောကိုင်းကျေးရွာအနီး တွင် မော်တော် ဘုတ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာမှ ခရီးသည်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ယခုလ ၆ ရက်နေ့၊ နံနက်ပိုင်းကလည်း ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် မင်းပြားနှင့် ချော်ချောင်းကျေးရွာသို့ ပြေးဆွဲနေသည့် ခရီးသည်တင်မော်တော်ဘုတ်တစ်စီးနစ်မြုပ်မှု ကြောင့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ရ ဦးသေဆုံး သွားခဲ့သည့် ဖြစ်ရပ်ဖြစ်ပွားခဲ့သည်။

ယင်းသို့ဖြစ်ပွားရခြင်းမှာ အဆိုပါခရီးသည်တင်မော်တော်ဘုတ်မှ တာဝန်ရှိသူများ၏ပေါ့ဆမှု များကြောင့်ဖြစ်ပြီးရေလမ်း ခရီးသွား စက်လှေများတွင် အသက်ကယ်အကျႌများလည်း ဆောင်ထားသင့်ကြောင်း အများက ထောက်ပြ ပြောဆိုသည်။

“စက်လှေတွေရဲ့ အင်ဂျင်စက်တွေကိုမကြာခဏစစ်ဆေးပေးရမယ်။ ခရီးသည်တွေကိုလည်း အလွန်အကျွံ တင်ဆောင် မောင်းနှင်တာမလုပ်သင့်ဘူး။ စက်လှေရဲ့ခံနိုင်ဝန်အားထက် ပိုမတင်သင့်ဘူး” ဟု ရခိုင်ပြည်သူူတစ်ဦးက သုံးသပ် ပြောသည်။

Most read this week