မြန်မာ့ပြည်တန်ဆာ ခေါင်းပုံဖြတ် မခံရရေး ယူအဲန် အမျိုးသမီးများ စင်္ကာပူ၌ ဆွေးနွေး

မြန်မာ့ပြည်တန်ဆာ ခေါင်းပုံဖြတ် မခံရရေး ယူအဲန် အမျိုးသမီးများ စင်္ကာပူ၌ ဆွေးနွေး
by -
သျှမ်းသံတော်ဆင့်

စင်ကာပူ နိုင်ငံတွင် အောက်တိုဘာလ ၁၆ ရက်နှင့် ၁၇ ရက်က ကျင်းပသော Asian Women Parliamentarian Conference 2014 တွင် မြန်မာနိုင်ငံ အမျိုး သမီးများ အခွင့်အရေး အပါအဝင် ပြည့်တန်ဆာ လုပ်ငန်း ခေါင်းပုံဖြတ် မခံ ရရေး အတွက် ဆွေးနွေး ကြသည်။

စင်ကာပူနိုင်ငံရှိ ယူအဲန်အမျိုးသမီးအဖွဲ့က ကမကထပြုကျင်းပခဲ့သော Women Policy and political leadership ဆွေးနွေးပွဲတွင် မြန်မာ့ပြည့်တန်ဆာလုပ်ငန်းသည် တရားမဝင်လုပ် ငန်းဖြစ် နေသေးသည်ဖြစ်ရာ လိင်လုပ်သားများသည် လုပ်ငန်းရှင်များ၏ခေါင်းပုံဖြတ်မှုခံနေရသည့်အကြောင်းပါ ထည့်သွင်းဆွေးနွေးခဲ့သည်။

Singapore meeting

တဖက်တွင်လည်း ဒေသခံအာဏာပိုင်များက ၎င်းလုပ်ငန်းအပေါ် ငွေညှစ်လာဘ်စားသောကြောင့် နိုင်ငံတော်မှ ရသင့် ရထိုက်သော ဝင်ငွေများ ဆုံးရှုံးရကြောင်း ထို့အတွက် မည်သို့ထွက်ပေါက်ရှာမည်ကို ဆွေးနွေး ကြောင်း ကြားသိရသည်။

“အာရှထဲက တခြားသော နိုင်ငံတွေမှာကော ပြည့်တန်ဆာလုပ်ငန်းအတွက် ဥပဒေရှိပါလားပေါ့။ ရှိတယ် ဆိုရင် ဘယ်လိုဥပဒေတွေရှိသလဲ။ အဲဒီလုပ်ငန်းကို ဥပဒေနဲ့တရားဝင်ခွင့်ပြုထားတာ ကောင်းကျိုး ဆိုးကျိုး ဘယ်လိုရှိပါသလဲ စတာတွေ ဆွေးနွေးမေးမြန်းကြည့်ပါတယ်။” ဟု ဆွေးနွေးပွဲသို့ တက်ရောက်သည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် နန်းဝါနုက သျှမ်းသံတော် ဆင့်သို့ပြောသည်။

“ထိုင်းနိုင်ငံမှာလဲ ဒီကိစ္စတားမြစ်ထားတယ်။ လက်တွေ့မှာ ဒီလုပ်ငန်းအပေါ် ဘယ်သူမှ မဟန့်တားနိုင် ဘူး။ ဒီတော့ တရားမဝင်လုပ်ငန်းကို အားပေးတဲ့သူတွေကဘဲ ရိုက်စားသွားတယ်။ အာဏာပိုင်တွေလဲ လာဘ်ပေး လာဘ်ယူနဲ့ ချစားမှုတွေ ပိုများလာတယ်။ ကျနော်တို့နိုင်ငံလဲ ဒီအတိုင်းဖြစ်လာမှာဘဲ။ အခု တောင်မှ တအားများနေပြီ” ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား စိုင်းဝမ်း က ပြောသည်။

မြန်မာနိုင်ငံပြည့်တန်ဆာလုပ်ငန်းနှင့်ပတ်သက်၍လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် မစန္ဒာမင်းက “ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေးအက်ဥပဒေဟာ ယနေ့ခေတ် ကာလနှင့်လိုက်လျောညီထွေမှု မရှိတော့တဲ့အတွက် ပြန်လည်ပြင်ဆင်ရေးဆွဲရန် အစီအစဉ်ရှိမရှိ” ဟု ယမန်နှစ်က ပြည်သူ့လွှတ်တော်သို့ တင်ပြမေးမြန်းခဲ့ဖူးသည်။

စင်္ကာပူ၌ ကျင်းပလျက်ရှိသည့် အစည်းအဝေးတွင် အာရှနိုင်ငံရှိ လွှတ်တော် ကိုယ်စားလှယ် အမျိုးသမီးများ အုပ်ချုပ်မှုပိုင်းနှင့်တရားစီရင်မှုပိုင်း တွင်ပါဝင် မှုအားနည်းနေခြင်း၊ အမျိုးသမီးများအတွက် ဥပဒေနှင့် ရပိုင်ခွင့် စသည်တို့ကို ဆွေးနွေးပွဲပထမနေ့တွင် ဆွေးနွေးခဲ့ပါသည်။ အောက်တိုဘာ ၁၇ ရက် ယနေ့ ဆွေးနွေးပွဲတွင်မူ အမျိုးသမီးများ မီဒီယာပိုင်းတွင်ပါဝင်မှု စသည်တို့ပါဝင်သည်ဟုဆိုသည်။

အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် အပါအဝင် ၄ ဦးတက်ရောက်ပြီး အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဘင်္ဂလားဒေ့ရ်ှ နိုင်ငံ ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ နီပေါ နိုင်ငံ၊ မွန်ဂိုးရီးယားနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်ဝမ်နှင့် စင်ကာပူနိုင်ငံ တို့မှ အမျိုးသမီးများလည်းတက်ရောက်သည်။

တက်ရောက်သည့်မြန်မာနိုင်ငံသားလေးဦးမှာ ကွန်ဟိန်းမြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းဝါနု၊ ကရင်အမျိုးသမီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နန့်ဆေးဟွား၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မှ ဒေါ် ဖြူဖြူသင်း နှင့် ဒေါ်စုစုလွင် တို့ ဖြစ်သည်။