ဘင်္ဂလာဒေချ့်နဲ့ကုန်သွယ်မယ့် မောင်တောစီးပွားရေးဇုန် ကျပ်သိန်းတစ်သောင်း အကုန်အကျခံ တည်ဆောက်မည်

ဘင်္ဂလာဒေချ့်နဲ့ကုန်သွယ်မယ့် မောင်တောစီးပွားရေးဇုန် ကျပ်သိန်းတစ်သောင်း အကုန်အကျခံ တည်ဆောက်မည်
by -
နိရဥ္စရာ

ဘင်္ဂလာဒေချ့်နှင့် ကုန်သွယ်မည့် မောင်တောစီးပွားရေးဇုန်ကို ကျပ်ငွေ သိန်းပေါင်း တစ်သောင်းအကုန်ကျခံပြီး ရခိုင်ပြည်နယ် အစိုးရမှ တည်ဆောက်သွားမည်ဟု ဆိုသည်။

မောင်တောမြို့သို့ များမကြာမီက ရောက်ရှိခဲ့သူ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စီးပွားရေးဝန်ကြီး ဦးမြအောင်က မောင်တော ကုန်သည်များအသင်းတွင် စီးပွားရေးဇုန် တည်ဆောက်မည့် အကြောင်းကို ထိုသို့ ထုတ်ဖေါ် ပြောကြားခဲ့သည်ဟု မောင်တော ကုန်သည်များ အသင်း တာဝန်ရှိသူများက ပြောသည်။

Outpost-in-Maungdaw

မောင်တော စီးပွားရေးဇုန် ဖြစ်ပေါ်လာစေရေးအတွက် ပြည်နယ်အစိုးရမှ ကျပ်သိန်းပေါင်းခြောက်ထောင်နှင့် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများဘက်က ကျပ်သိန်းပေါင်းလေးထောင် မ တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သူက ပြောဆိုသွားခဲ့သည်။

ယင်းနောက်ပိုင်းတွင် မောင်တာခရိုင်တာဝန်ရှိသူများက စီးပွားရေးဇုန် တည်ဆောက်မည့်နေရာကို သွားရောက် စစ်ဆေးနေပြီ ဖြစ်ကြောင်း သိရသည်။

မောင်တောဒေသခံ စီပွားရေး လုပ်ငန်းရှင် ကိုမောင်လှမှ  မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး စီးပွားရေးဇုန်ကို မောင်တောမှ  (၂) မိုင်ခန့် ဝေးကွာသော ကညင်ချောင်းဆိပ်ကမ်း အနီးတွင် တည်ရှိသော ဧက (၅၀) ခန့်ရှိ မြေပေါ်တွင် တည်ဆောက်ရန် စီစဉ်နေသည်ဟု ဆိုသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ကုန်သွယ်ရေးတွင် အသုံးပြုနေသော မောင်တော အမှတ် (၁) ဝင်ထွက်စခန်း အနီး ရွှေဇားချောင်းဆိပ်ကမ်းမှာ တဖြည်းဖြည်း တိမ်ကောလာသည့်အပြင် မော်တော်ဘုတ်များဝင်ရန် ဒီရေအတက်ကို စောင့်ရခြင်း အပါအဝင် မြေနေရာလည်း မရှိသဖြင့် ကညင်ချောင်း ဆိပ်ကမ်းဟောင်း အား ရွေးချယ်ခြင်း ဖြစ်ကြောင်း သူက ဆိုသည်။

ကညင်ချောင်းဆိပ်ကမ်းတွင် တန်ချိန် ၃၀၀ နှင့် ၄၀၀ အကြားကုန်တင် သင်္ဘောများ ၀င်ထွက်သွားလာနိုင်ပြီး ယခင်ကလည်း နယ်စပ်ကုန်သွယ်ရာတွင် ယင်းဆိပ်ကမ်းကို အသုံးပြုခဲ့သည်ဟု သိရသည်။

မောင်တောစီးပွားရေးဇုန်ကို တစ်ဘက်နိုင်နှင့် ကုန်သွယ်မှုမြှင့်တင်ရန်နှင့်  စျေးကွက် စီးပွားရေးကို ဖော်ဆောင် ရန် အတွက် ဖြစ်ကြောင်း၊   ပွဲရုံအခု ၂ဝ ဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ဒေသအတွင်းမှ စီးပွားရေး လုပ်ငန်းရှင်များမှ ပါ၀င် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း မောင်တောကုန်သည်များ အသင်းဥက္ကဋ္ဌက ပြောကြား သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် အကြား နယ်စပ်ကုန်သွယ်မူကို လက်ရှိကာလတွင် စစ်တွေ ရွှေမင်းဂံ ဆိပ်ကမ်းနှင့် မောင်တော ရွှေဇားဆိပ်ကမ်းတို့ကို အသုံးပြုပြီး ပြုလုပ်နေကြောင်း သိရသည်။ နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေး သဘောတူညီချက် (MoU) ကို ၁၉၉၄ ခုနှစ် မေ ၁၈ ရက်တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးကို ၁၉၉၅ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် စတင်ခဲ့သည်။

ဘင်္ဂလာဒေချ့်ဘက်ကမူ မြန်မာနှင့် ကုန်သွယ်ရန်အတွက် နယ်စပ်ကုန်သွယ်ရေးစခန်းကို မောင်တောမြို့နှင့် မျက်နာချင်းဆိုင် တက်ကနက်မြို့ ဘောင်တော်တွင် ဖွင့်လှစ်ထားသည်။

Most read this week