ရခိုင်ပြည်နယ်မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ကာယဗလကြံ့ခိုင်မှု ပြိုင်ပွဲ ကျင်းပပြီးစီး

ရခိုင်ပြည်နယ်မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ကာယဗလကြံ့ခိုင်မှု ပြိုင်ပွဲ ကျင်းပပြီးစီး
by -
နိရဥ္စရာ

၂၀၁၄ ခုနှစ် ရခိုင်ပြည်နယ် မြို့နယ်ပေါင်းစုံ အမျိုးသား ကာယဗလနှင့် အမျိုးသမီး ကိုယ်ကာယ ကြံ့ခိုင်မှု ပြိုင်ပွဲတစ်ရပ်ကို အောက်တိုဘာလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့ရှိ ဦးဥတ္တမ ခန်းမ၌ ပြုလုပ်ခဲ့သည်။

အမျိုးသား ကာယဗလပြိုင်ပွဲတွင် ၆၀ ကီလိုတန်း၊ ၆၅ ကီလိုတန်း၊ ရ၀ ကီလိုတန်း၊ ရ၅ ကီလိုတန်းနှင့် ရ၅ အထက် ကီလိုတန်းဟူ၍ ကီလိုတန်း (၅) ခု ပါရှိသည်။

Men-in-Arakan

အမျိုးသားကာယဗလပြိုင်ပွဲ ရ၅ အထက် ကီလိုတန်းတွင် စစ်တွေမှ မင်းမင်းအောင်က ပထမ၊ စစ်တွေမှ ထွန်းရွှေမောင်က ဒုတိယ၊ မြေပုံမှ ကျော်လှိုင်က တတိယ အသီးသီးရရှိသွားသည်။

၇၅ ကီလိုတန်းတွင် မောင်နိုင်စိုး ကျောက်တော်က ပထမ၊ မောင်ကျော်ဝင်း ရသေ့တောင်က ဒုတိယ၊ မောင်လှမြိုင် မင်းပြားက တတိယ အသီးသီး ရရှိသွားသည်။

၇၀ ကီလိုတန်းတွင် မောင်ခိုင်မိုးလင်း စစ်တွေက ပထမ၊ မောင်သန်းဝင်း မောင်တောက ဒုတိယ၊ စံသိန်းလှိုင် ကျောက်တော်က တတိယ အသီးသီးရရှိသွားသည်။ ပထမ ရရှိသော မောင်ခိုင်မိုးလင်းသည် ၂၀၀၈ မှ စတင်ယှဉ်ပြိုင်လာခဲ့ပြီး နှစ်တိုင်း ဆုများရရှိခဲ့သည်ဟု သိရှိရသည်။

၆၅ ကီလိုတန်းတွင် သံတွဲမြို့နယ်က မောင်ထွန်းလှိုင်က ပထမ၊ မောင်တင်လွင် စစ်တွေက ဒုတိယ၊ မောင်ကျော်စောမိုး အမ်းက တတိယ အသီးသီး ရရှိသွားသည်။

၆၀ ကီလိုတန်းတွင် မောင်ထွန်းထွန်းဝင်း သံတွဲက ပထမ၊ မောင်နိုင်ဌေး ပုဏ္ဏားကျွန်းက ဒုတိယ အသီးသီး ရရှိသွားသည်။

အမျိုးသမီး ကိုယ်ကာယ ကြံ့ခိုင်မှု ပြိုင်ပွဲတွင် ရခိုင်ပြည်နယ် မြို့နယ်ပေါင်းစုံမှ အမျိုးသမီး ၂၄ ယောက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အမျိုးသမီး ကိုယ်ကာယ ကြံ့ခိုင်မှု ပြိုင်ပွဲတွင် ၀င်းစန္ဒာလင်း စစ်တွေက ပထမ၊ ပြည့်ဖြိုးခိုင် ရမ်းဗြဲက ဒုတိယ၊ ခင်မာဇင် ပုဏ္ဏားကျွန်းက တတိယ ဆုအသီးသီး ရရှိသွားကြသည်။

ကျင်းပွဲကျင်းပသည့် နှစ်ရက်စလုံးတွင် ရခိုင်ပြည်နယ်အစိုးရဝန်ကြီးချုပ်နှင့် ၀န်ကြီးအားလုံးနီးပါး တက်ရောက် အားပေး ခဲ့ကြသည့်အပြင် စစ်တွေမြို့သားများကလည်း ဦးဥတ္တမ ခန်းမအပြည့် လာရောက်အားပေး ခဲ့ကြသည်။ ယင်းပြိုင်ပွဲတွင် အမျိုးသားကာယဗလပြိုင်ပွဲထက် အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှု ပြိုင်ပွဲကို ပိုပြီးအားပေးခဲ့ကြသည်ဟု သိရသည်။

ပြိုင်ပွဲဝင် အမျိုးသမီးများ၏ ၀တ်စားဆင်ယင်မှုနှင့် အမှတ်ပေးမှုစနစ်သည် နိုင်ငံတကာ အဆင့်မီသည်ဟု ပွဲကြီးကြပ် ကျင်းပသူများထံမှ လေ့လာ သိရှိရသည်။

ပြိုင်ပွဲတွင် ရခိုင်အဆိုတော်များက ရခိုင်သီချင်း၊ ဗမာသီချင်းများနှင့် တင်ဆက်မှုအပြင် အလှပြ ကျောင်းသူတ ဖွဲ့ကလည်း အဲရိုးဗစ် (Aerobic) အကများဖြင့် ပရိသတ် စိတ်ဝင်စားအောင် ပြိုင်ပွဲကျင်းပသည့် နှစ်ရက်လုံး ကပြ ဖြေဖျော်သွားခဲ့ကြသည်ကို တွေ့ရသည်။

ဆုများကို ရခိုင်ပြည်နယ်အစိုးရ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများက ချီးမြှင့် ပေးအပ်ခဲ့ကြသည်။ ယခုနှစ် ပြိုင်ပွဲတွင် ပထမဆုရရှိသူများသည် ရခိုင်ပြည်နယ်ကို ကိုယ်စားပြုပြီး ကချင်ပြည်နယ် ၀န်ကြီးချုပ်ဖလားအတွက် သွားရောက်ယှဉ်ပြိုင်ရမည်ဟု ပွဲကြီးကြပ် ကျင်းပသူများက ပြောသည်။

၂၀၁၂-ခုနှစ် ဇွန်လ အရေးအခင်း နောက်ပိုင်း ရခိုင်ပြည်နယ် မြို့တော်တော်များများတွင် လုံခြံုရေးနှင့်ပတ် သက်ပြီး ရခိုင်ပြည်သူများ စိတ်မွန်းကြပ်မှုရှိလာနေပြီး ယင်းစိတ်ကိုကုစားရန် ပျော်ပွဲရွှင်ပွဲများကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ခွင့်ပြု ကျင်းပပေးနေခြင်းဖြစ်သည်ဟု ဆိုသည်။

၂၀၁၄ ခုနှစ် နိုဝင်္ဘာလတွင် ကျင်းပပြုလုပ်မည့် နဗန်း (ကျင်) ပွဲ အတွက် ဖွင့်ပွဲအခမ်းအနားကို SEAN ဂိမ်းတွင် ပြုလုပ်သွားသည့်အတိုင်း ပြုလုပ်သွားမည်ဟု ရခိုင်ပြည်နယ်အစိုးရ ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက လူသိရှင်ကြားပြောကြားထားသည်ဟု သိရှိရသည်။

Most read this week