ပညာရေး အရည်အသွေးမြှင့်တင်မှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ စစ်တွေတက္ကသိုလ်တွင်ပြုလုပ်

ပညာရေး အရည်အသွေးမြှင့်တင်မှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ စစ်တွေတက္ကသိုလ်တွင်ပြုလုပ်
by -
နိရဥ္စရာ

မြန်မာနိုင်ငံ ပညာရေးအရည်အသွေး မြင့်မားလာစေရန် ရည်ရွယ်ပြီး ပညာရေး အရည်သွေး မြှင့်တင်မှုဆိုင်ရာ ညှိနှိုင်း ဆွေးနွေးပွဲ တစ်ခုကို ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ်၌ ပထမဆုံး အကြိမ် ကျင်းပ ပြုလုပ်ခဲ့ကြသည်။

ယင်းဆွေးနွေးပွဲကို အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် (၉) နာရီတွင် စစ်တွေ တက္ကသိုလ် ပင်မခန်းမဆောင် တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း တက်ရောက်၍ မြန်မာနိုင်ငံ အမျိုးသား ပညာရေးနှင့် ပတ်သက်၍ ထည့်သွင်း အမှာစကား ပြောကြားသွားခဲ့သည်။

Sittwe-University-Education-workshop

“မြန်မာနိုင်ငံပညာရေး အဆင့်မြင့်မားဖို့အတွက် အမျိုးသားပညာရေးဥပဒေကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှာ ပြဌာန်း ခဲ့ပါတယ်။ အဲ့ဒီဥပဒေမှာ အခန်း (၁၄) ခန်းနဲ့၊ ပုဒ်မ ၆၉ ခုပါရှိပါတယ်။ အမျိုးသား ပညာရေးဥပဒေနဲ့ ဆက်နွယ်ပတ်သက်နေတဲ့ ပဋိညာဉ်များ ပြည့်စုံအောင် အဓိပ္ပာယ် ဖေါ်ပြရှင်းလင်းထားပြီး အမျိုးသားပညာရေး ရည်ရွယ်ချက်မှာ အချက် (၇) ချက်ကိုလည်း တိကျစွာ သတ်မှတ်ထားပါတယ်။ ပြည်သူ လူထုရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ ဆက်ဆံရေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်အောင် ရည်မှန်း ဆောင်ရွက် ထားပါတယ်” ဟု ၀န်ကြီးချုပ်က ပြောကြားသည်။

ယင်းဆွေးနွေးတွင် မြန်မာနိုင်ငံ ပညာရေးအဆင့်အတန်းမြင့်မားရေးအတွက် ၂၀၁၄-ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က ဥပဒေပြု ပြဌာန်းလိုက်သော အမျိုးသားပညာရေးဥပဒေပါ အသေးစိပ်အချက်လက်များကို ရှင်းလင်း ခဲ့ကြသည်။

ယင်းအသစ်ပြဌာန်းလိုက်သော အမျိုးသားပညာရေးဥပဒေအရ ၁၉၇၃-ခုနှစ်က ပညာရေးဌာနဖွဲ့စည်းပုံပါ ပညာရေးကော်မီတီ တစ်ခု တည်းက ချုပ်ကိုင်ထားခဲ့သော တက္ကသိုလ်များအနေဖြင့် သီးခြားလွတ်လပ်စွာ ရပ်တည်နိုင်မည်ဖြစ်ပြီး သင်ကြားရေးပိုင်ဆိုင်ရာနှင့် ဘဏ္ဍာရေးဆိုင်ရာများကို ကိုယ်တိုင်စီမံခန့်ခွဲနိုင်လာမည်ဟု သိရသည်။ တက္ကသိုလ်များအတွက် လိုအပ်သော ကိုယ်ပိုင် ရံပုံငွေများကိုလည်း ပြည်တွင်း ပြည်ပရှိ အလှူရှင်များနှင့် တိုက်ရိုက်ဆက်သွယ်လုပ်ကိုင် နိုင်တော့မည်ဟု သိရသည်။

ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားရာတွင် မြန်မာနိုင်ငံ၌ ကျောင်းသူ ကျောင်းသား ၂.၇ သန်းရှိသည့် အနက် ရ သိန်းသာ တက္ကသိုလ်ပညာရေးကို သင်ကြားနိုင်ကြသည့်အတွက် ကျန် ၂ သန်းအတွက် အသက်မွေး ၀မ်ကျောင်း ပညာရပ်များ သင်ကြား ပို့ချ ပေးရန် စဉ်းစားထားကြောင်း၊ ဒေသနှင့် ကိုက်ညီသော လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် ယင်းဒေသအတွက် အဆင်ပြေနိုင်မည်ဟု ဆိုသည်။ သင်ကြားပို့ချရေး အပိုင်းမှာလည်း အင်္ဂလိပ်၊ မြန်မာ၊ ဒေသခံဘာသာ စကားဖြင့် သင်ကြားပို့ချမှုကို အခြေပြုထားသည်ဟု ဆိုသည်။

PM-in-Sittew-university

“KG+12 ကို အကောင်အထည်ဖေါ်ရမည်။ အသက် ၁၆ နှစ်နဲ့ ဆယ်ဆန်းအောင်တဲ့သူ တစ်ယောက် ဟာ နိုင်ငံခြားမှာ ပညာသင်ယူခွင့် မရှိဖြစ်နေပါတယ်။ အသက် ၁၆ နှစ်နဲ့ တက္ကသိုလ် တက်ရင်လည်း ရင့်ကျက်မှုမရှိဘူး။ ၁၉ နှစ်မှာ ဘွဲ့ရသွားရင်တောင် ရင့်ကျက်မှု အားနည်းနေတာကို တွေ့ရတယ်။ ပတ်ဝန်ကျင်ဒေသ နိုင်ငံများနဲ့ နိုင်ငံတကာမှာ ယှဉ်ပြိုင်နိုင်အောင် နိုင်ငံခြားက သတ်မှတ်ထားတဲ့ စံချိန် စံညွှန်းနဲ့ ကိုက်ညီရပါမယ်။ KG + 12 ကို ပြောင်းရမည့် နေရာမှာလည်း ဆရာ ဆရာမ၊ စာသင်ဆောင်၊ မိဘများ အဆင်သင့် ဖြစ်နေပြီလား ဆိုတာကို ကြည့်ရပါမယ်။ မိဘများနဲ့ ညှိနှိုင်းပြီးမှ ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါ တယ်” ဟု ဦးဇော်ဌေးက ဆက်လက် ပြောကြားသည်။

ရခိုင်ပြည်နယ် မြို့နယ်အသီးသီးသို့သွားရောက်ပြီး ရခိုင်ပြည်နယ်ပညာရေးအခြေအနေကို လေ့လာ စစ်တမ်း ယူခဲ့သော မြေပုံမြို့ အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်လုံးက ရခိုင်ပြည်နယ် ပညာရေး ၌ ကျေးလက် မြို့ပြ အဆင့်အတန်း ကွာဟချက် ရှိနေကြောင်း ရခိုင်ပြည်နယ်ပညာရေး တပြေးညီ ဖြစ်မေ နကြောင်း၊ အထက်တန်းအဆင့် ပညာရေးကို သင်ကြားနိုင်သူ ကျောင်းသား ၁၀၀ မှာ ၂၂ ရာခိုင်နှုန်းသား ရှိကြောင်းနှင့် ဆရာ ဆရာမများ စျေးကွက်ပညာရေး စနစ်ကိုသာ လိုက်စားနေကြောင်း စသဖြင့်  ရခိုင်ပြည်နယ် ပညာရေး အခြေအနေနှင့် ပတ်သက်၍ ထောက်ပြဝေဖန်သွားခဲ့သည်။

ယင်းပြင်သူက “ဆရာ ဆရာမ များနဲ့ မိဘဆရာအသင်း ပူးပေါင်းဆောင်ရွက်မှု အားနည်းနေပါတယ်။ ဗလ ငါးတန် ဖွံ့ဖြိုးရမည်ဆိုတဲ့ အမျိုးသားပညာရေး ရည်မှန်းချက်နဲ့ ကိုက်ညီအောင် စာကြည့်တိုက်တွေ ကို ကျောင်း တိုင်း၊ ကျောင်းတိုင်းမှာ စီစဉ်ထားပေးဖို့ လိုအပ်ပါတယ်။ ပညာရေး အပိုင်းမှာလည်း အလယ်တန်း အဆင့်မှာ စာကြေညက်တာကို မတွေ့ရဘူး၊ အလယ်တန်းအဆင့်မှာ စာမကြေညက်ခဲ့ရင် အထက်တန်း ရောက်တဲ့အခါ အခက်အခဲနဲ့ ရင်ဆိုင်ရတာပါပဲ။ မြန်မာစာ သင်ကြားမှု အပိုင်းမှာလည်း ကျောင်းသားတွေဟာ စာစီစာကုံးကို ကိုယ်တိုင် မရေးသားနိုင်ကြတော့ဘူး။ ဆရာ ဆရာမတွေ အနေနဲ့လည်း ဘွဲ့ယူလာတဲ့ ဘာသာရပ်က တစ်ခု၊ သင်ကြားပို့ချရတဲ့ အခါ ဘာသာရပ်က တခြားတစ်ခု၊ အဲသလို ဖြစ်နေတာဟာလဲ မြန်မာနိုင်ငံ ပညာရေးအတွက် အားနည်းချက်ပါပဲ” ဟု ဆိုသည်။

အခမ်းအနားသို့ တက်ရောက်ဆွေးနွေးသူ ဦးအောင်ကျော်ထွန်းကလည်း ဆရာ ဆရာမများ၏ Mindset ကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ်ရှိ ဆရာ ဆရာမများ၌ ကာယ ဉာဏ စာရိတ္တ မြင့်မားမှုမ ရှိဖြစ်နေကြောင်း ထောက်ပြဝေဖန်သွားသည်။

အခမ်းအနားသို့ ရခိုင်ပြည်နယ် အစိုးရ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၊ ပါမောက္ခများ၊ ပညာရေး ကျွမ်းကျင်သူ များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် အရာရှိများ၊ စစ်တွေတက္ကသိုလ် ပါမောက္ခ ဒေါက်တာတင်မောင်ထွန်းနှင့် တက္ကသိုလ် ဆရာ ဆရာမများ၊ လေ့လာသူ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၄၀၀ ကျော်ခန့် တက်ရောက် ခဲ့သည်။

ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မိဘပြည်သူများ၏ အကြံအဉာဏ်များကို ရယူလို၍ ၄င်း ပညာရေး ဆွေးနွေး ပွဲကို ပြုလုပ်သည်ဟု ဆိုသော်လည်း မြန်မာနိုင်ငံအမျိုးသားပညာရေးဥပဒေ အပိုင်းကို ရှင်းပြသည်က ပိုများ သည်ဟု တက်ရောက်သူများက ဝေဖန် ထောက်ပြ ပြောဆိုသည်။ ယင်းပြင်  အမျိုးသား ပညာရေး ဥပဒေကို မရှင်းပြမီ မြန်မာနိုင်ငံ အမျိုးသားပညာရေးနှင့် ပတ်သက်သော စာရွက်စာတမ်း များကို ဆရာ ဆရာ မများနှင့် တက်ရောက်လာသူများထံသို့ ကြိုတင် ဖြန့်ဝေမှုလည်း မရှိခဲ့ဟု ဆိုသည်။

“သူတို့က Projector နဲ့ စာတမ်းထိုးပြီးတော့ ရှင်းပြသွားတာ။ ကျွန်မတို့က စာရေးပြီး လိုက်မှတ်တာ လိုက်မမီဘူး။ မြန်မာနိုင်ငံ အမျိုးသား ပညာရေးနဲ့ ပတ်သက်တဲ့ လက်ကမ်းစာစောင်၊ စာရွက် စာတမ်းတွေ ကြိုတင်ဖြန့်ဝေမှု မလုပ်ပေးတော့ ကျွန်မတို့ အပြန်အလှန် ဆွေးနွေးမှု မလုပ်နိုင်ခဲ့ပါဘူး။ ကိုယ့်ရခိုင်ပြည်နယ် ပညာရေးနဲ့ပတ်သက်ပြီး ဆွေးနွေးတင်ပြချင်တာတွေတော့ ရှိတာပေါ့”ဟု စစ်တွေ တက္ကသိုလ်မှ ဆရာမတစ်ဦး က နိရဥ္စရာသို့ ရင်ဖွင့် ပြောကြားသွားသည်။

Most read this week