ပုဏ္ဏားကျွန်းနယ်တွင် စက်လှေနှစ်စီးတိုက်ရာမှ အမျိုးသမီးတစ်ဦးသေဆုံး

ပုဏ္ဏားကျွန်းနယ်တွင် စက်လှေနှစ်စီးတိုက်ရာမှ အမျိုးသမီးတစ်ဦးသေဆုံး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် စက်လှေနှစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာမှ အမျိုးသမီး တစ်ဦး သေဆုံး သွားခဲ့ကြောင်း သတင်း ရရှိသည်။

အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရသည့် အဆိုပါစက်လှေနှစ်စီး တိုက်မှုမှာ အောက်တိုဘာလ ၁၅ ရက်နေ့၊ ညနေ ရ နာရီခန့်က ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်၊ စင်းဘောကိုင်း ကျေးရွာအနီးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Ponna-Kyunt

ဖြစ်စဉ်မှာ မြောက်ဦးမြို့နယ်၊ ညောင်ပင်လှကျေးရွာနေ မောင်သိန်းညွန့် (၃၅)  နှစ်၊ (ဘ) ဦးစောသိန်းဦး သည် အောက်တိုဘာလ ၁၅ ရက်နေ့၊ ည ရ နာရီအချိန်ခန့်တွင် ဆင်ကဲကျေးရွာ၌ ဟင်းသီးဟင်းရွက်များ ရောင်းချပြီးနောက် ဟွန်ဒါစက်လှေဖြင့် ညောင်ပင်လှကျေးရွာသို့ ပြန်လာခဲ့ရာ ယင်း၏စက်လှေပေါ်တွင် တစ်ရွာတည်းနေ ဒေါ်နုစိန်၊ ဒေါ်အေးစိန်၊ ဒေါ်လှသန်းယဉ်၊ ဒေါ်ထွန်းမဖြူနှင့် ဒေါ်သိန်းစောဦး တို့ကိုလည်း အတူ လိုက်ပါလာခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ယင်းသို့ပြန်လာကြစဉ် ပုဏ္ဏားကျွန်းမြို့နယ်၊ စေတီလင်းကျေးရွာနေ ဦးသိန်းထွန်း (၄၉ နှစ်၊ ဘ – ဦးင/လုံးချေ) မောင်းနှင်လာသော မော်တော်ဘုတ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ စင်းဘောကိုင်းကျေးရွာအနီးတွင် မျက်နှာချင်းဆိုင် ဝင်တိုက်မိခဲ့ကြောင်း ရဲက ဆိုသည်။

စက်လှေနှစ်စီးယင်းသို့ မျက်နှာချင်းဆိုင်တိုက်မိမှုကြောင့် ဟွန်ဒါစက်လှေမှာ အခင်းဖြစ်ပွားသည့် နေရာတွင် နစ်မြုပ်သွားခဲ့ပြီး ဟွန်ဒါစက်လှေပေါ်တွင်လိုက်ပါလာခဲ့သူ အမျိုးသမီး ၅ ဦးအား ရေထဲမှ ကယ်တင်ခဲ့ရသည်ဟု သိရသည်။ အမျိုးသမီး ၅ ဦးထဲမှ ဒေါ်နုစိန် (၄၇) နှစ်၊ (ဘ ) ဦးခိုင်သာထွန်း  မှာ ယင်း၏နေအိမ်သို့ အရောက်တွင် သေဆုံး သွားခဲ့ကြောင်း သိရသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာက ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူလျက်ရှိကြောင်း သိရသည်။

ယခုလ ၆ ရက်နေ့၊ နံနက်ပိုင်းကလည်း ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် ခရီးသည်တင် စက်လှေ တစ်စီးနစ်မြုပ်မှုကြောင့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ရ ဦး စုစုပေါင်း (၉) သေဆုံးသွားခဲ့သည့်ဖြစ်ရပ် တစ်ခု ဖြစ်ပွားခဲ့သည်။

Most read this week