ငပလီကမ်းခြေတွင် စားသောက်ဆိုင်ဖွင့်က ဖမ်းဆီးမည်ဟု ဟိုတယ်ဒုဝန်ကြီး ခြိမ်းခြောက်ဟုဆို

ငပလီကမ်းခြေတွင် စားသောက်ဆိုင်ဖွင့်က ဖမ်းဆီးမည်ဟု ဟိုတယ်ဒုဝန်ကြီး ခြိမ်းခြောက်ဟုဆို
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ သံတွဲမြို့ခရိုင်၊ ငပလီကမ်းခြေတွင် ဆိုင်ဖွင့်ခွင့်မရဘဲ တားမြစ်ခံထားသည့် ဒေသခံ စားသောက်ဆိုင် ၂၈ ဆိုင်အနေဖြင့် ယင်းနေရာတွင် ဆက်လက်ရောင်းချပါက ဖမ်းဆီးမည်ဟု ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးတင်ရွှေက ခြိမ်းခြောက် ပြောဆိုကြောင်း စားသောက်ဆိုင်ပိုင် ရှင်များက ပြောကြားသည်။

ဟိုတယ်ဒုဝန်ကြီး ဦးတင်ရွှေနှင့် ဒေသအာဏာပိုင််များအပါအဝင် ဆိုင်ခန်းပိုင်ရှင်များနှင့် ငပလီ ကမ်းခြေ ရှိ ကျောက်စိမ်းနဂါးဟိုတယ်တွင် အောက်တိုဘာလ ၁၅ ရက်၊ ညနေပိုင်းက တွေ့ဆုံ ဆွေးနွေးမှုတစ်ခုပြု လုပ်ခဲ့ရာ ယင်းတွေ့ဆုံပွဲ၌ ဝန်ကြီးက ထိုသို့ ပြောကြားခဲ့သည်ဟု အဆိုပါတွေ့ဆုံပွဲသို့တက်ရောက်ခဲ့ကြသည့် ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။

Ngapali-2

“လုံးဝမရောင်းနဲ့။ ရောင်းရင် ဖမ်းမယ်တဲ့။ ဟိုတယ်ဒုဝန်ကြီးကိုယ်တိုင်ပြောတာ။ ရောင်းလို့ လုံးဝမရဘူးတဲ့” ဟု Green Umbrella အမည်ရှိ စားသောက်ဆိုင်ပိုင်ရှင် ကိုဘရွှေက နိရဥ္စရာသို့ပြောသည်။

စားသောက်ဆိုင် ၂၈ ဆိုင်ကို ကမ်းခြေတွင် စျေးရောင်းချခွင့်ပေးမည်မဟုတ်တော့ဘဲ ငပလီမြို့ရှိ ကျောက်စိမ်း နဂါးဟိုတယ်ရှေ့၊ စစ်တပ်ပိုင် တောင်ကုန်းငယ်တွင် နေရာချထားပေးမည်ဟု ဟိုတယ် ဒုဝန်ကြီးက ပြောဆို သွားခဲ့ကြောင်း ဆိုင်ခန်းပိုင်ရှင်များက ဆက်ပြောသည်။

“အဲဒီနေရာမှှာ ကျနော်တို့ကိုပို့မယ်တဲ့။ ပို့ပြီးရင် ဆိုင်အနေအထား ပုံစံမျိုးကို ဘာမှ မပြောဘဲနဲ့ ဘယ် အချိန် ကနေ ဘယ်အချိန်ဖွင့်၊ ညနေပိုင်းဆိုင်ရင် ဆိုင်ပိတ်ပြီးသွား လူလည်းမအိပ်ရဘူးတဲ့”ဟု ကိုဘရွှေက ပြောသည်။

အစားထိုးနေရာချထားပေးသည့်အဆိုပါတောင်ကုန်းငယ်မှာ ကမ်းခြေနှင့်အလှမ်းကွာဝေးသည့် အတွက် စားသောက်ဆိုင် ဖွင့်ရန် အကွက်အကောင်း မကျသည့် အပြင် ယင်းတောင်ကုန်းငယ်ရှိ အပင်ကြီး/ငယ်များကို ကိုယ်တိုင် ခုတ်ထွင် ရှင်းလင်း၍ ဆိုင်ခန်းများ ဆောက်လုပ်ချိန် နှင့်ဆိုပါက ပွင့်လင်းရာသီများ၌သာ အလုပ်ဖြစ်သည့် ယင်းတို့အတွက် နစ်နာမှုများစွာ ရှိကြောင်းလည်း ဆိုင်ခန်း ပိုင်ရှင်များက ပြောပြသည်။

ယင်းအပြင် ဆိုင်ခန်းများကို မည်သည့်အချိန်တွင် စတင်ဆောက်လုပ်ရောင်းချရမည်ဆိုသည်ကိုလည်း ဆိုင်ခန်းပိုင်ရှင်များကို တိကျစွာပြောဆိုခြင်းမရှိကြောင်းလည်း ဆိုင်ခန်းပိုင်ရှင်များကဆိုသည်။

“ကျွန်တော်တို့မှာ တော်တော်လေးအခက်အခဲတွေ့နေရတယ်။ အဲဒီဆိုင်ခန်းတွေကိုကော ဘယ်အချိန် မှှာ သွားဆောက်ရမှာလဲ။ အခုက ပွင့်လင်းရာသီရောက်နေပြီ”ဟုလည်း ဆိုင်ခန်းပိုင်ရှင်တစ်ဦးက ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ငပလီမြို့၊ မြပြင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်က “သူတို့ကိုအခု အစား ထိုးချ ထားပေးမယ့်နေရာက စစ်တပ်ပိုင် ကော်ဖီခြံဖြစ်နေတယ်။ အဲဒီနေရာမှာ တောင်ယာတွေ ခုတ်ထွင်ရ မယ်၊ ပေါင်းတွေ ရှင်းရမယ်၊ ပေါင်းရှင်းပြီးတော့မှတစ်ခါ ဆိုင်ခန်းတွေ ဆောက်ရမယ်နဲ့ တစ်လကျော်လောက်တော့ သူတို့တွေ အချိန်ပေးရမယ်။ ပွင့်လင်းရာသီမှာမှအဆင်ပြေကြတဲ့သူတွေ ဒီရာသီ အတွက် အရမ်းနောက်ကျသွားမယ်။ ကျနော့်အနေနဲ့ပြောရမယ်ဆိုရင်တော့ ဆိုင်ခန်း ပိုင်ရှင်တွေကို နေရာ မပြောင်းစေချင်ဘူး”ဟု နိဥ္စရာ သတင်းဌာနသို့ ပြောသည်။

ယခုကိစ္စကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံလည်း တင်ပြရဦးမည်ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၏ ခွင့်ပြုချက် ပေးမှ သာ ဆိုင်ခန်းများ စတင်ဆောက်လုပ်မည့်အချိန်ကိုသိရှိနိုင်မည်ဖြစ်ကြောင်းလည်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ငပလီမြို့၊ မြပြင်ရပ်ကွက်မှ ရာအိမ်မှူး ဦးနောင်နောင်က ပြောသည်။

သန့်ရှင်းရေး မလုပ်သဖြင့် ညစ်ပတ်နေသော ငပလီကမ်းခြေ။

“အရင်တုန်းက ဒီလိုမျိုးတားမြစ်တာတွေမရှိဘူး။ ဒီတစ်နှစ်၊ နှစ်နှစ်အတွင်းပဲ အခုလိုိတားမြစ်တာတွေ ခံနေရတာ”ဟု မြပြင်ကျေးရွာမှ ငပလီဘားအမည်ရှိိ စားသောက်ဆိုင်ပိုင်ရှင် ဒေါ်မခိုင်က ပြောသည်။

ယခုကိစ္စတွင် ဒေသခံလက်လုပ်လက်စားများ၏ တပိုင်တနိုင်စီးပွားရေးကို ဟိုတယ်စီးပွားရေးလုပ်ငန်းရှင်များက အာဏာပိုင်များ နှင့်ပူးပေါင်းကာ လက်ဝါးကြီးအုပ်နေကြခြင်းသာဖြစ်ကြောင်း ငပလီမြို့ခံတစ်ဦးက သုံးသပ် ပြောကြားသည်။

သိုသော်လည်း ဟိုတည်ပိုင်ရှင်များကမူ စားသောက်ဆိုင်များကြောင့် ကမ်းခြေကိုညစ်ပတ် စေသည်ဟု ဆိုသည်။

Most read this week