ICRC မှ စစ်တွေမှ ကန်များကို ပြုပြင်မွန်းမံ

ICRC မှ စစ်တွေမှ ကန်များကို ပြုပြင်မွန်းမံ
by -
နိရဥ္စရာ

နိုင်ငံတကာ အန်ဂျီအို တစ်ခုဖြစ်သော ICRC မှ စစ်တွေမြို့ပေါ်ရှိ ကန်အချို့အား ပြုပြင် မွန်းမံနေသည်ဟု သိရသည်။

နိုင်ငံတကာ အန်ဂျီအိုများ အနေဖြင့် တဖက်သတ် ဘက်လိုက်ဆောင်ရွက်မူများရှိနေသည်ဟု ရခိုင်ပြည်သူများ၏ စွပ်စွဲ ဆန့်ကျင်မူများ ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ ရေတွင်းရေကန်များကို ပြုပြင်မွန်းမံမူကို ထင်သာမြင်သာ ပြုလုပ်လာခြင်း ဖြစ်သည်။

ယခု ပြုပြင်မွန်းမံ ပြီးစီးသွားသော ရေကန်များမှာ စစ်တွေမြို့ပေါ်ရှိ ဦးရဲကျော်သူကန်နှင့် အုန်းတပင် ရေကန်တို့ ဖြစ်ကြသည်။

Own-Tapin-Lake

ယင်းကန်များ ပြုပြင်မွန်းမံခြင်းနှင့် ပတ်သက်ပြီး အောက်တိုဘာလ ၁၅ ရက်နေ့က ဆင်းကူးလမ်းရက်ကွက်ရှိ အလက (၆) ကျောင်းတွင် အခမ်းအနားတစ်ခုဖြင့် ICRC အရာရှိများက ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက်ရုံးတာဝန်ခံ Mr Enrique Ochoe Fernadez-Lomana က  ICRC ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ကမ္ဘာတဝန်းတွင် ICRC ၏ လုပ်ဆောင်လာခဲ့သော လုပ်ငန်းများအကြောင်းနှင့် ICRC က လုပ်ငန်း အကောင်အထည်ဖေါ်ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှု ရှိပြီး လူမျိုး၊ ဘာသာ၊ အသားရောင်ခွဲခြား ဆက်ဆံမှုမရှိဘဲ သာတူညီမျှ ဖြစ်အောင် ဆောင်ရွက်လျှက်ရှိကြောင်း ပြောဆိုသည်။

ယင်းအခမ်းအနားသို့ ICRC မှ ရခိုင်ပြည်နယ် စစ်တွေအခြေစိုက်ရုံးတာဝန်ခံနှင့် ICRC ဒေသခံ ၀န်ထမ်းများ၊ ဆင်ကူး လမ်းရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် ရပ်ကွက်ရပ်မိ ရပ်ဖများ၊ အလက ၆ ကျောင်းမှ ဆရာ/ဆရာမ များ၊ အခြားဖိတ်ကြားထားသည့် ဧည့်သည်များနှင့် သတင်းထောက်များ ၄၀ ခန့် တက်ရောက်ခဲ့ကြသည်။

ယင်းအခမ်းအနားတွင် ပြုပြင်မွန်းမံပြီးစီးထားသော ရဲကျော်သူကန်၊ အုန်းတပင်ကန််နှင့် ဆက်လက်ပြီး မွန်းမံ ထပ်မံ ပြုလုပ်နေသော ဆင်ကူးလမ်းကန်တို့၏ လုပ်ငန်းအကောင်အထည်ဆောင်ရွက်နေမူများနှင့် ပတ်သက်ပြီး  ICRC မှ ရခိုင်ပြည်နယ် စစ်တွေအခြေစိုက် ရုံးတာဝန်ခံ Mr Enrique နှင့် အင်ဂျင်နီယာ တာဝန်ခံ Mr Pierr-Yuei Pittaloud ဘာသာပြန်မှ တဆင့် ရှင်းလင်းခဲ့ကြသည်။

“ကျွန်တော်တို့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ၂၀၁၂-ခုနှစ် ဇွန်လ အရေးအခင်းနောက်ပိုင်းမှာ ရောက်ရှိလာခဲ့ပါ တယ်။ ကျွန်တော်တို့ ICRC အနေနဲ့ လုပ်ငန်း အကောင်အထည်ဖေါ်တဲ့နေရာမှာ ပွင့်လင်းမြင်သာမှုရှိအောင်နဲ့ ခွဲခြား ဆက်ဆံခြင်းမရှိဘဲ သာတူညီမျှဖြစ်အောင် ဆောင်ရွက်ပေးပါတယ်။ ICRC ရဲ့လုပ်ငန်းတွေကို ပြည်နယ်ကျန်းမာရေးဝန်ကြီးနဲ့ လက်တွဲဆောင်ရွက်နေပါတယ်”ဟု သူကပြောသည်။

ဦးရဲကျော်သူကန်မှ သောက်ရေ၊ သုံးရေများကို ယခင်မူလအတိုင်း ရပ်ကွက်သူရပ်ကွက်သားများကသန့်ရှင်း စင်ကြယ်စွာ စနစ်တကျ ပြန်လည် အသုံးပြုနိုင်စေရန်အတွက် ပြုပြင်မွန်းမံခြင်းလုပ်ငန်းကို ဇူလိုင်လ ၂၁ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့ထိ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ICRC မှ အင်ဂျင်နီယာတာဝန်ခံ Mr Pierr-Yuei Pittaloud က ရေကန်တွေကို ပြုပြင်မွန်းမံခြင်းကို လုပ်ကိုင်ဆောင် ရွက်ရာ၌ ရေကန်တစ်ကန်၏ အရည်အသွေး မထိခိုက်ရအောင် လုပ်ဆောင်မှုအပြင် ရေခပ်ရာ၌ အဆင်ပြေအောင် တက်လမ်း ဆင်းလမ်းများကိုလည်း စနစ်တကျ ပြုလုပ်ပေးသည်ဟု ပြောသည်။

“ရေကန်တွေကိုပြုပြင်မွန်းမံရာမှာ ရေကန်အရည်အသွေးမထိခိုက်ရအောင်နဲ့ ရေခပ်ရာမှာ အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးပါတယ်။ ဦးရဲကျော်သူကန်ဟာ ရှေးနှစ်ပေါင်းများစွာကတည်းက အသုံးပြုလာခဲ့တဲ့ ကန်တစ်ကန် ဖြစ်တယ်လို့ သိရပါတယ်။ ယခင်မူလအတိုင်း ပြန်လည်အသုံးပြုနိုင်စေဖို့ အတွက် ရဲကန်ထဲက အမှိုက်တွေ၊ ကန်ပတ်ဝန်းကျင်း ခြံုတောတွေကို ရှင်းလင်းရေးလုပ်ပါတယ်။ မြေညှိသန်းရှင်းရေးလုပ်ပြီး၊ ခြံစည်းရိုးခတ်ပြီးတော့ ရေခပ်ရလွယ်ကူအောင် တက်လမ်း ဆင်းလမ်းကို ကွန်ဂရိုက်နဲ့လုပ်ပေးပါတယ်။ ရေပေါ်ဖေါင်ကလေးတစ်ခုကိုလည်း လုပ်ပေးထားပါတယ်” ဟု ပြောသည်။

စစ်တွေမြို့ ဆင်ကူးလမ်းရပ်ကွက် အလက ၆ တွင် ရှင်းလင်းပွဲကို နံနက် ၈ နာရီခွဲတွင် စတင်ခဲ့ပြီး၊ ၉ နာရီကျော်တွင် ပြီးဆုံးခဲ့သည်။

အခမ်းအနားအပြီးတွင် ICRC တာဝန်ရှိသူများက ဦးရဲကျော်သူကန်သို့ သွားရောက်ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။

ICRC မှ ရေကန်များကို ပြုပြင်မွန်းမံပေးရာတွင် စစ်တွေမြို့၌ ဦးရဲကျော်သူကန်၊ ဆင်ကူလမ်းကန်၊ အုန်းတစ်ပင်ကန် အပါအဝင် ရေကန် ၅ ခုကို ပြုပြင်မွန်းမံခဲ့ပြီးဖြစ်ကြောင်း၊ မြောက်ဦးနှင့် မင်းပြားတွင်လည်း နောက်ထပ်ရေကန် ၆ ကန်ကို ပြုပြင်မွန်းမံခဲ့ပြီဖြစ်ကြောင်း ICRC မှ ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် ရုံးတာဝန်ခံက ပြောသည်။

ICRC အနေဖြင့် သန်းရှင်းစင်ကြည်သော သောက်ရေ သုံးရေ ရရှိရေးလုပ်ငန်းများအပြင် ကျန်းမာရေးလုပ်ငန်းနှင့် ပတ်သက်၍ ဆေးရုံများကို စနစ်တကျပြန်လည်မွန်းမံခြင်း၊ လိုအပ်သည့်ထောက်ကူပြုပစ္စည်းများကို ထောက်ပံ့ပေးခြင်း၊ ကျန်းမာရေးဝန်ထမ်းများကို ကျန်းမာရေးသင်တန်းပေးခြင်းနှင့် အသက်မွေးဝန်းကျောင်းလုပ်ငန်းများအတွက် ထောက်ပံ့ ကူညီမှုများကိုလည်း ဆောင်ရွက်ပေးနေသည်ဟု ICRC တာဝန်ရှိသူကဆိုသည်။

ရခိုင်ပြည်နယ်အတိုင်းအတာဖြင့်ဆိုလျှင် စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်ဆေးရုံးများကို ပြုပြင်မွန်းမံခြင်း၊ ဆေးရုံ၌ထောက်ကူပြုပစ္စည်းများ ကူညီဆောင်ရွက်ခြင်းနှင့်၊ ရေသန့်ရရှိရေးလုပ်ငန်း၊ အမှိုက်များကို စနစ်ကျစွန့်ပစ်ခြင်း စသည့်လုပ်ငန်းများအတွက် ကူညီဆောင်ရွက်ပေးခဲ့ပြီဖြစ်ကြောင်းနှင့် ရသေ့တောင်နှင် ပေါက်တော ဆေးရုံပြုပြင် မွန်းမံခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။

အောက်တိုဘာ ၁၅ ရက်နေ့က ဆင်ကူးလမ်းရပ်ကွက်ရှိ အလက ၆ တွင်ပြုလုပ်သော အခမ်းအနားမှာ ရခိုင်ပြည်နယ်တွင် ICRC တွက် ပထမဆုံးပြုလုပ်သောအခမ်းအနား  တစ်ခုဖြစ်ပြီး အလားတူအခမ်း အနားမျိုး ကိုလည်း ICRC မှ ဆက်လက် ပြုလုပ်ဆောင်သွားမည်ဟု သိရသည်။

Most read this week