ဖားကန့် KIA တပ်စခန်း ဆုတ်ခွာပေးရန် အစိုးရ ထပ်မံသတိပေး

ဖားကန့် KIA တပ်စခန်း ဆုတ်ခွာပေးရန် အစိုးရ ထပ်မံသတိပေး
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် ဖားကန့်အခြေစိုက် တပ်မ ၆၆ တပ်က ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်စခန်းကို ဆုတ်ခွာပေးရန် သတိပေး ပြောဆိုခဲ့သည်ဟု ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလာနန် က ပြောသည်။

တပ်မ ၆၆ လက်အောက်ခံ ခလရ တပ်ရင်း ၁၁ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ကျော်ဇေယျ က အောက်တိုဘာလ ၁၄ ရက် ညနေ ၆ နာရီတွင် နောက်ဆုံးထား ဆုတ်ခွာပေးရန် အောင်ဘာလေကျေးရွာ လူကြီးများမှ တစ်ဆင့် KIA တပ်ရင်း ၆ တပ်သို့ အကြောင်းကြားခဲ့သလို၊ ယနေ့ အောက်တိုဘာလ ၁၅ ရက်တွင်လည်း ဆုတ်ခွာပေးရန် ထပ်မံ အကြောင်းကြားလာခြင်း ဖြစ်သည်။

“ကျနော်တို့ဘက်ကတော့ တရားဝင်အကြောင်းကြားတာမျိုး မရှိဘူး။ ညှိနှိုင်းဆောင်ရွက်တဲ့ အနေအထား မဟုတ်ဘဲနဲ့ တဖက်သတ် အပေါ်စီးကနေ ဖယ်ခိုင်းတယ်ဆိုတဲ့ အခြေအနေပါ။ ကျနော်တို့က ဒီကိစ္စကို ပြေပြေ လည်လည်ဘဲ ဖြစ်သွားစေချင်တယ်။ သူတို့ ပြောဆိုမှုကို ပြန်ရုပ်သိမ်း စေချင်တယ်။ ဒါက နည်းလမ်းမှန်ကန် စွာ ဖြေရှင်းလိုတဲ့ ဆန္ဒပါ” ဟု ဦးလာနန် က ပြောသည်။

ယခုရက်ပိုင်းအတွင်း အစိုးရ စစ်တပ်က KIA ၏ တပ်မဟာ ၂ တနိုင်းဘက်တွင် စစ်အင်တားတိုးမြင့်ချထား သလို၊ တပ်မဟာ ၃ ဒေသ မန်စီမြို့နယ် ကိုင်ထိပ်ကျေးရွာတွင်လည်း အစိုးရ တပ်အင်အား ၂၀၀ ကျော် တိုးမြင့် ချထားသဖြင့် အစိုးရ ဘက်မှ စစ်ရေးအရ ဖြေရှင်းရန် အခြေအနေတွင် ရှိနေသည်ဟု ဦးလာနန် က ပြောသည်။

“အဓိက တပ်ရင်း ၆ မှာ စစ်ရေးနဲ့ ဖြေရှင်းမယ်ဆိုတဲ့ ပုံစံအနေနဲ့ သူတို့ ခြိမ်းခြောက်တဲ့ အနေအထားရှိတယ်။ ကျန်တဲ့ဒေသမှာလည်း တပ်အင်အားတိုးချဲ့ထားတာ ရှိတယ်။ စစ်ရေးလှုပ်ရှားမှုကတော့ ကျနော်တို့ စောင့် ကြည့်နေတုန်းပါဘဲ” ဟု သူက ပြောသည်။

အစိုးရ စစ်တပ်က ဆက်လက် ဖိအားပေးလာမည် ဆိုပါက အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆွေးနွေးမှုတွင် ဆိုးကျိုးသက်ရောက်မှုများ ရှိလာနိုင်သည်ဟု သူက ပြော ဆိုသည်။

ထို့ကြောင့် ယခုကိစ္စနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ ဖြေရှင်းပေးရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်ခဲ့သော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စ မာရီယန် ထံ အောက်တိုဘာလ ၁၄ ရက်က အကြောင်းကြားထားသည်ဟု သိရသည်။

၂၀၁၂ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် KIA ၏ တပ်ရင်း ၆ စခန်းဟောင်းကို အစိုးရ စစ်တပ်က သိမ်းပိုက်ခဲ့ပြီးနောက် လက်ရှိ အစိုးရ၏ ခလရ ၁၁ က ပြန်လည် နေရာယူထားခြင်း ဖြစ်ကာ KIA ၏ အသစ် တပ်စွဲထားသော တပ်ရင်း ၆ နေရာသစ်ကို ထပ်မံ ဆုတ်ခွာခိုင်းခြင်းသည် စဉ်းစားစရာ ဖြစ်နေသည်ဟု ဦးလာနန် က ပြောသည်။

နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် အောင်ဘာလေ ကျေးရွာသားများက ထွက်ပြေး တိမ်းရှောင်နေမှုများ ရှိနေသည်ဟု သိရသော်လည်း KNG ကချင်သတင်းဌာန က သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

KIA ဘက်မှလည်း ဆုတ်ခွာပေးရန် အစီအစဉ်မရှိကြောင်း အစိုးရ စစ်တပ်ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက် လာပါက ပြန်လည် ခုခံတိုက်ခိုက်ရန် အဆင်သင့် ပြင်ဆင်ထားသည်ဟု တပ်ရင်း ၆ မှ အရာရှိတစ်ဦး က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့တွင် ဖားကန့်ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းကို ပြန်လည် ဖွင့်လစ်ခဲ့ပြီးနောက် အစိုးရနှင့် KIA တို့ အခွန်ကောက်ခံမှုကြောင့် နှစ်ဖက် စစ်ရေးတင်းမာမှု ရှိခဲ့သည်။

ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေးကော်မတီ ဖွဲ့စည်းခဲ့ပြီးနောက် KIA နှင့် အစိုးရ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွား မှု လျော့နည်းခဲ့သည်ဟု နှစ်ဖက်အဖွဲ့များက ပြောဆိုခဲ့သည်။

KIA သည် လက်နက်ကိုင် ၁၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်ဆိုင်းရေးညှိနှိုင်းရေး အဖွဲ့ NCCT တွင် အဖွဲ့ဝင်ဖြစ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ (UPWC) နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးလျှက်ရှိသည်။

Most read this week