မတရားဖမ်းဆီး ထောင်ချထားသည့် ကချင်ဒုက္ခသည် ၂ ဦးကို လွှတ်ပေးရန် သမ္မတအား ထပ်မံ တောင်းဆို

မတရားဖမ်းဆီး ထောင်ချထားသည့် ကချင်ဒုက္ခသည် ၂ ဦးကို လွှတ်ပေးရန် သမ္မတအား ထပ်မံ တောင်းဆို
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ရွှေစက်ရပ်ကွက်ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ ဒုက္ခသည်စခန်းတွင် ခိုလှုံခဲ့သော ကချင်စစ်ပြေးဒုက္ခသည် ဦးလဖိုင်ဂမ် (Slg. Lahpai Gam) နှင့် ဦးဘရန်ရုန်း (Slg. Brang Yung) တို့နှစ်ဦးကို ဖမ်းဆီးထောင်ချထားသည့် အမှုနှင့် ပတ်သက်၍ ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် ကချင်ပြည်နယ်ရှိ လူမှုရေး၊ ဘာသာရေး အဖွဲ့အစည်းများက အောက်တိုဘာလ ၁၃ ရက်က နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ထံ ထပ်မံ တောင်းဆိုလိုက်သည်။

နောက်နောင် ဤကဲ့သို့ အဖြစ်အပျက်များ ထပ်မံ မဖြစ်ပွားရန်အတွက် စစ်ပြေးဒုက္ခသည် ဦးလဖိုင်ဂမ် (Slg. Lahpai Gam) နှင့် ဦးဘရန်ရုန်း (Slg. Brang Yung) တို့ကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် ကချင်ပြည်နယ်မှဘာသာရေး၊ လူမှုအဖွဲ့နှင့် ယဉ်ကျေးမှု၊ ထိုအမှုအား ကူညီပေးနေသော ရှေ့နေများ အပါအဝင် အဖွဲ့အစည်း ၃၄ ဖွဲ့နှင့် သူတို့၏ မိသားစုဝင်များက လက်မှတ်ရေးထိုး တောင်းဆိုလိုက်ခြင်းဖြစ်သည်။

“သူတို့ကို လွှတ်ပေးဖို့ သူတို့ မိသားစုက သမ္မတကို တောင်းဆိုတယ်။ သမ္မတကလည်း ဘာမှ အကြောင်းမပြန်ဘူး။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မတီကလည်းစုံစမ်းတယ် ဆိုတာဘဲ တွေ့တယ်။ လက်တွေ့ စုံစမ်းတာ မရှိဘူး။ ဒါကြောင့် ကချင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှု အမြင့်ဆုံးဖြစ်နေလို့ ကျနော်တို့ လက်မှတ်ရေးထိုးပြီး တောင်းဆိုလိုက်တာပါ” ဟု ရှေ့နေ ဦး G. Ma Hka က ပြောသည်။

လူမဆန်စွာနှိပ်စက်ညှင်းဆဲခြင်းခံခဲ့ရသည့် ဦးလဖိုင်ဂမ် (Slg. Lahpai Gam) နှင့် ဦးဘရန်ရုန်း (Slg. Brang Yung) တို့ကို သမ္မတ ဦးသိန်းစိန် အစိုးရမှ အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက်ပေးရန်၊ ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးပါရန်၊ မတရား နစ်နာမှုတို့အတွက် နိုင်ငံတော်မှ လုံလောက်သည့် ကုစားမှုတို့ကို ဆောင်ရွက်ပေးရန်၊ မတရားသဖြင့် ဥပဒေမဲ့ ပြုမူကျူးလွန်ခဲ့သူများအား ထိရောက်စွာ စုံစမ်းဖော်ထုတ်အရေးယူပေးပါရန်နှင့် တရားဥပဒေ စိုးမိုးရေး အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ပေးပါရန် တို့ကို တောင်းဆိုထားသည်။

ထိုလက်မှတ်ရေးထိုးတောင်းဆိုသော စာအား အောက်တိုဘာလ ၁၃ ရက်တွင် သမ္မတ ဦးသိန်းစိန်ထံသို့ စာတိုက်မှ ပေးပို့ခဲ့ပြီး လွှတ်တော် ဥက္ကဌများ၊ တရားဥပဒေ စိုးမိုးရေးနှင့်တည်ငြိမ်ရေးကော်မတီ ဥက္ကဌ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၊ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)၊ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် အဖွဲ့အစည်း ၃၂ ဖွဲ့ထံ ၄င်းတို့၏ တောင်းဆိုစာကို မိတ္တူပေးပို့ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လ  ၉ ရက်က ၎င်းတို့ သားသမီးများ၏ ကျောင်းစရိတ် အခက်အခဲကြောင့် စခန်းတာဝန်ခံများကို ခွင့်တောင်း၍ တာလောကြီး ကျေးရွာသို့ အခကြေးငွေဖြင့် ကွဲျ၊ နွားမောင်းရန် လိုက်ပါသွားခဲ့ရာမှ ဇွန်လ ၁၂ ရက်တွင် အစိုးရ၏ ခလရ ၃၇ တပ်ရင်းက ဖမ်းဆီးခဲ့သည်။

၎င်းတပ်ရင်းနှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဘက်ရေးရာလုံခြံုရေးတပ်ဖွဲ့ (စရဖ)တို့က သူတို့နှစ်ဦးကို ဇွန် ၁၂ မှ ၂၆ ထိ ဖမ်းဆီးထိန်းသိမ်းခဲ့စဉ် နှိပ်စက်ညှင်းပန်းခြင်း ခံခဲ့ရသည်။

ထို့ပြင် ဘာသာရေး စော်ကား ပြောဆိုခြင်း၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တပ်ဖွဲ့ဝင်ဟုဆို၍ ခြိမ်းခြောက်ခြင်း၊ ထိုးကြိတ်ခြင်း၊ ခြေတလုံးများအား ဝါးလုံးဖြင့် ကြိတ်ပေးခြင်း၊ ဓါးမြောက်အား မီးကင်ပြီး ရင်ဘတ်ပေါ်တွင် ကပ်ပေးခြင်း၊ ဓားမြောင်ဖြင့် ထိုးဆွပေးခြင်းများ ပြုလုပ်ခဲ့သည်ဟု ၎င်းတို့ ပေးပို့သော စာတွင် ဖော်ပြထားသည်။

၂၀၁၁ ခုနှစ် အစိုးရနှင့် KIO တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကချင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးမှု မရှိခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်နေမှုတို့ ဆိုးဝါးစွာ ဆက်ရှိနေသဖြင့် ၄င်းတို့နှစ်ဦးအားအမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။ ကချင်ပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုမှာ အဆိုးဝါးဆုံးဖြစ်နေ၍ အမြန်ဆုံး အရေးယူဆောင်ရွက်ပါရန် ရှေ့နေ ဦး G. Ma Hka က ပြောသည်။

“သူတို့က လူမျိုးရေးဆော်ကားမှုတွေ၊ လူ့ဂုဏ်သိက္ခာကို အကြီးအကျယ်ထိခိုက်တယ်။ ကချင်ရိုးရာအက ကခိုင်းတယ်။ ဘာသာရေး စော်ကားမှု၊ အမျိုးသားချင်းချင်း ဆက်ဆံခိုင်းတယ်ဆိုတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက် မှုတွေ ခလရ ၃၇ ကနေ လုပ်ခဲ့တယ်။ အပြစ်မရှိဘဲ တရားစွဲလိုက်တယ်။ မတရားထောင်ချတယ်” ဟု သူက ဆက်လက် ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း မတရားအသင်းဖြင့် ဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ ဖောက်ခွဲမှု တို့ဖြင့် ဦးလဖိုင်ဂမ် (Slg. Lahpai Gam) ကို ထောင်ဒဏ် နှစ် ၂၀ နှင့် ဦးဘရန်ရုန်း (Slg. Brang Yung) ကိုထောင်ဒဏ် ၂၁ နှစ် ချမှတ်ခဲ့သည်။ လက်ရှိ ၄င်းတို့နှစ်ဦးကို မြစ်ကြီးနား အကျဉ်းထောင်တွင် ချခံနေရသည်။

၄င်းတို့နှစ်ဦး၏ အမှု အယူခံကို မြို့နယ်၊ ခရိုင်၊ ပြည်နယ် တရားလွှတ်တော်ရုံးနှင့် နေပြည်တော် တရားလွှတ်တော်ချုပ် များသို့ အဆင့်ဆင့် အမှုပြင်ဆင်ချက် လျှောက်လဲခဲ့သော်လည်း ပယ်ချခဲ့သည်။ ၄င်းအမှုအား ဆက်လက် အယူခံ တင်သွင်းရန် ဥပဒေအတိုင်ပင်ခံ ဦးအောင်သိန်း ထံ အကူအညီ တောင်းထားသည်ဟု ရှေ့နေ ဦး G. Ma Hka က ပြောသည်။

အပြစ်မရှိဘဲ မတရား ဖမ်းဆီးထောင်ချမှုကို လက်မခံနိုင်သဖြင့် လက်မှတ်ရေးထိုး တောင်းဆိုလိုက်ခြင်း ဖြစ်သည်ဟု ထိုလက်မှတ်ရေးထိုးတောင်းဆိုမှုမှ ကော်မတီဝင် ကိုဇိုင်း က ပြောသည်။

Most read this week