ရခိုင်မြို့နယ် (၄) ခုတွင် လေအားဖြင့် လျှပ်စစ်မီးပေးမည်ဟု လျှပ်စစ်ဝန်ကြီးပြော

ရခိုင်မြို့နယ် (၄) ခုတွင် လေအားဖြင့် လျှပ်စစ်မီးပေးမည်ဟု လျှပ်စစ်ဝန်ကြီးပြော
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၄ ခုကို လေအားဖြင့်လျှပ်စစ်မီးပေးရန် အစိုးရက စီစဉ်ဆောင်ရွက် နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက စစ်တွေမြို့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

အောက်တိုဘာလ ၁၃ ရက်နေ့ ညနေပိုင်းက ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့့ရောက်ရှိခဲ့သည့် လျှပ်စစ် စွမ်းအား ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အပါ အဝင် စစ်တွေ မြို့မိမြို့ဖများ၊ စစ်တွေမြို့မှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမ၌တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

meeting

လေစွမ်းအင်ဖြင့်လျှပ်စစ်မီးပေးရန်စီစဉ်ဆောင်ရွက်နေသည့် မြို့နယ် ၄ ခုမှာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နှင့် ဂွ တို့ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ယခုလာမည့်ဒီဇင်ဘာလအတွင်း မြို့ (၁၁)  မြို့အား မဟာဓာတ်အားလိုင်းမှ တဆင့် လျှပ်စစ်မီးဖြန့်ဖြူးပေးသွားမည်ဖြစ်သော်လည်း လျှပ်စစ်မီး ရရှိမည့်မြို့ ၁၁ မြို့ထဲတွင် အဆိုပါ မြို့ ၄ ခု ပါဝင်မှုမရှိပေ။

ယင်းမြို့နယ် ၄ ခုကို မဟာဓာတ်အားလိုင်းမှလျှပ်စစ်မီးသွယ်တန်းရန်အခက်အခဲရှိနေသည့်အ တွက် ယခုကဲ့သို့ လေအားဖြင့်လျှပ်စစ်မီးပေးရန် စီစဉ်ရခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဆိုသည်။

“ဘူးသီးတောင်၊ မောင်တောမြို့နယ်က အောင်ဇေယျနားမှာ တစ်နေရာ၊ ရသေ့တောင်မြို့နယ် မင်းကြီးတောင်နားမှာတစ်နေရာ၊ ဂွမြို့နယ် ဗောဓိစခန်းဆိုတဲ့ တောင်နားမှာ တစ်နေရာ လေအားနဲဲ့ လျှပ်စစ် Mini Grip   လေးတွေပေးဖို့  နိုင်ငံခြားသားပညာရှင်တွေကို ခေါ်ယူတိုင်းတာပြီးတော့ ဖြစ်နိုင်ခြေ ရှိပြီဆိုရင် ဒီနေရာတွေကို လေအားနဲ့ လျှပ်စစ်ဓာတ်အားပေးဖို့ ဆက်လက် ဆောင်ရွက်သွား မှာဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးက ယင်းနေ့ကတွေ့ဆုံံပွဲတွင် ပြောကြားသည်။

မြန်မာနိုင်ငံတွင်  လေစွမ်းအင်သုံးကာ လျှပ်စစ်ဓာတ်အားပေး၍ရသည့်နေရာများမှာ ရခိုင်ပြည်နယ်တွင် ၁ဝ နေရာ၊ ချင်းပြည်နယ်တွင် ၁ဝ နေရာ၊ ဧရာဝတီတိုင်းဒေသ ကြီးတွင် ၅ နေရာနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် ၂ နေရာရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆို သည်။

မဟာဓါတ်အားလိုင်းမှ လျှပ်စစ်မီးမရောက်ရှိနိုင်သည့်နေရာများကို လေစွမ်းအင်ဖြင့် လျှပ်စစ်မီးပေးရန် အစိုးရက စီစဉ်ဆောင်ရွက်နေခြင်းအပေါ် ရသေ့တောင်မြို့ခံ ဦးကိုကိုမောင်က အစိုးရအနေဖြင့်  အပြောထက် အလုပ်နှင့် သက်သေပြရန်လိုကြောင်း ဝေဖန် ပြောဆိုသည်။

“အစိုးရအနေနဲ့ အပြောထက် အလုပ်နဲ့ သက်သေပြဖို့လိုပါတယ်။ ဥပမာတစ်ခုပြောရမယ်ဆိုရင် ကျွန်တော်တို့ ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းကို ၂ဝ၁ဝ ကတည်းကနေလုပ်နေတာ။ အခု ၂ဝ၁၅ ရောက်တော့မယ်။ ဘာမှ ရေရေရာရာ အကောင်အထည်မပေါ်နိုင်သေးဘူး။ ဒါကြောင့် အစိုးရရဲ့စီမံကိန်းတွေဟာ ကြံ့ခိုင်ရေး ပါတီ ရဲ့ မဲဆွယ်စည်းရုံးမှုသက်သက်ပဲလို့ ကျွန်တော််မြင်တယ်” ဟု သုံးသပ်ပြောဆို သည်။

လာမည့်ဒီဇင်ဘာလတွင် ရခိုင်မြို့ ၁၁ ခုကို မဟာဓာတ်အားလိုင်းမှလျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးရာတွင် တစ်ယူနစ်လျှင် ၃၅ ကျပ်နှင့် ယူနစ် ၁ဝဝ သုံးစွဲပါက ကျပ် ၄ဝ ပေးဆောင်ရမည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့သည်။

သို့သော် ယင်းသို့ မဟာဓာတ်အားလိုင်းမှလျှပ်စစ်မီးရရှိလာပါက အိမ်သုံးအတွက်အပြင် စက်မှု လက်မှုလုပ်ငန်းတွင်သုံးစွဲ၍ မရနိုင်မည်ကို ရခိုင်ပြည်သူများစိုးရိမ်နေကြကြောင်း စစ်တွေမြို့ခံ ဦးခင်မောင်ကြီးက ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံပွဲတွင်ပြောကြားခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးက ဦးခင်မောင်စိုးက “ဥပမာ စစ်တွေမြို့မှာ ဆင်ထားတဲ့ transformer က မဂ္ဂါဝပ်် ၁ဝဝ သုံးလို့ရတယ် ဆိုရင် အဲဒီထဲက မဂ္ဂါဝပ်် ၁ဝဝ လုံးကို စက်မှုလက်မှုပဲသုံး သုံးသုံး၊ Lighting ပဲသုံးသုံး ပျက်စရာလညး်အကြောင်းမရှိဘူး။ စစ်တွေမှာသုံးတဲ့ transformer ကြီးက မဂ္ဂါဝပ်် ၁ဝဝ ပေးထားတာကို စစ်တွေက ၁၂ဝ သုံးမယ်  ဆိုရင်တော့ နိုင်ငံတော်က နောက်ထပ် မဂ္ဂါဝပ်် ၁ဝဝ transformer တစ်လုံး ထပ်တည်ပေးရမယ်။ ဒါမှ လောက်မယ်” ဟု ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တစ်ခုလုံးလျှပ်စစ်မီးရရှိစေရန် အိန္ဒိယနိုင်ငံမှချေးငွေ အမေရိကန် ဒေါ်လာ ၆၄ သန်းနှင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ဝ၂ သန်း(ပြည်တွင်းငွေ ၈၈ ဘီလီယံ) ခန့် အကုန်အကျ ခံခဲ့ရ ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောဆိုသွားခဲ့သည်။

လာမည့် ၂ဝ၃ဝ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီးလင်းရန် စီမံချက်ဖြင့် ဆောင်ရွက်နေ ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဆက်လက်ပြောဆိုခဲ့သည်။

ယခင်က မာန်အောင်မြို့နယ်တွင်လည်း လေအားဖြင့် လျှပ်စစ်ဓါတ်အားပေးမည်ဟု အစိုးရက ပြောဆိုထားသော်လည်း ယခုစာရင်းတွင် မာန်အောင် မြို့နယ် ကို ၀န်ကြီးက ထည့်သွင်းပြော ကြားခြင်း မရှိကြောင်း သိရသည်။

Most read this week