ရခိုင်ပြည်နယ်တွင် တာဝါတိုင်မလုံလောက်၍ ဖုန်းဆက်သွယ်မှုခက်ခဲ

ရခိုင်ပြည်နယ်တွင် တာဝါတိုင်မလုံလောက်၍ ဖုန်းဆက်သွယ်မှုခက်ခဲ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်တွင် ဆက်သွယ်ရေးတာဝါတိုင်များ လုံလောက်မှုမရှိသည့်အတွက် ဖုန်းဆက်သွယ်ရေးမှာ ခက်ခဲမှုများနှင့် ကြံုတွေ့နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ်တွင် Telenor, Ooreedo မရှိသေးဘဲ ဆက်သွယ်ရေးအတွက် MPT ကိုသာ အားကိုးနေရသော ပြည်နယ်တစ်ခုဖြစ်သည်။ MPT တစ်ခုတည်းကိုသာ အားကိုနေရသော ဒေသတွင် တာဝါတိုင် လုံလောက်မှုမရှိ၍ ဆက်သွယ်ရေးခက်ခဲမူများ ရင်ဆိုင်နေကြရကြောင်း ဒေသခံများကပြောကြားသည်။

image-10142014

“ကျနော် အောက်တိုဘာလ ၉ ရပ်နေ့က ရန်ကုန်ကို ဖုန်းဆက်တယ်။ ဘယ်လိုမှ အဆင်မပြေဘူး။ တိုင်တွေက အပြည့်အဝပေါ်လိုက်၊ ပျောက်သွားလိုက်နဲ့ဖြစ်နေပါတယ်။ မြန်အောင်ကိုခေါ်တယ်၊ စကားပြောရင်းနဲ့ အသံပြတ်သွားပြီး ဘာသံမှ မကြားရဘူး။ တိုင်ပေါ်ရဲ့သားနဲ့ အသံပြတ်သွားတော့ ဖုန်းဘာဖြစ်တာလဲဆိုပြီး ဆိုင်မှာသွားပြတော့ လိုင်းပြတ်လို့ ဖြစ်တာလို့ပြောတယ်။ ဒါနဲ့ သံတွဲကိုခေါ်တော့ လုံးဝမရဘူး။ ရတဲ့အခါလည်း အသံမကြည်ဘူး။ စကားပြောပြီးတာနဲ့ လိုင်းပြတ်သွားတယ်”ဟု တောင်ကုတ်မြို့နယ်မှ ဦးဆန်းဦးမှ ပြောသည်။

“အခြေအနေကတော့ တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာသလိုဘဲ ဒီနေဆိုရင် တိုင်ကပေါ်လိုက် ပျောက်လိုက်နဲ့ ဘယ်လိုမှလည်း အသေအချာပြောလို့မရဘူး။ သမီးတို့က သတင်းကို အချိန်နဲ့ တပြေးညီ ပို့နေရတာလေ။ ခုဖုန်းလိုင်းမကောင်းတော့ ဘာမှကို လုပ်လို့မရဘူး။ ဒီနေ့ဓါတ်ပုံတစ်ပုံ Viper ကပို့တယ်။ လိုင်းမကောင်းတော့ မိနစ် ၂၀ လောက်စောင့်ရတယ်” ဟု RJN သတင်းအဖွဲ့ သတင်းထောက် ဆုမြတ်က ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်ရေးဝန်ဆောင်မှုများ ဖြေကြားပေးမည်ဆိုသော ၁၈၇၆ မှတဆင့် လိုင်းခွဲ နံပါတ် ၁၀၆ အော်ပရေတာနံပါတ် ၄ ကို ဆက်သွယ် မေးမြန်းကြည့်ရာ ယခုလို ပြန်လည် ဖြေကြားသည်။

“ ဟုတ်ကဲ့ပါ။ အခုလူတိုင်းလိုလို ဖုန်းကိုင်ကြပြီး တာဝါတိုင်တွေမလုံလောက်တော့ လိုင်းတွေပျက်နေတာပါ။ လူတိုင်းမှာ အဲဒီလိုဖြစ်နေတာပါ။ ကျွန်တော်တိ်ု့လည်း ဖုန်းခေါ်လို့မရဘူး ဖြစ်နေပါတယ်။ တာဝါတိုင်တွေကတော့ တိုးချဲ့ပြီးစိုက်နေပါတယ်။ တစ်ခုနဲ့တစ်ခုချိတ်ဆက်မိဖို့ လုပ်ဆောင်ချက်တွေဟာ အများကြီးပဲ။ ဘယ်ချိန် ပြီးစီးမယ်/ ဘယ်ချိန် ဆက်သွယ်လို့ ရမယ်ဆိုတာ အချိန်အတိအကျတော့ ပြောလို့မရပါ” ဟု ပြန်လည် ဖြေကြားသည်။

ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင်လည်း CDMA လိုင်းများ မကြာခဏပြတ်တောက်မှုများ ရှိနေသည်သာမက တခါတလေ ၂ ရက်ဆက်တိုက် ပြတ်တောက်သွားတတ်ကြောင်း၊ သို့အတွက် ဖုန်း၊အင်တာနက် အသုံးပြုရသည်မှာ အဆင်မပြေ ဖြစ်နေကြောင်း စစ်တွေမြို့ဒေသခံများထံမှ သိရသည်။

Most read this week