ကန်တော်မင်ပန်းခြံကို ဦးဥတ္တမပန်းခြံအဖြစ် ပြောင်းလဲကြောင်း သတင်းထွက်ပေါ်လည်း တရားဝင် မဟုတ်သေးဟုဆို

ကန်တော်မင်ပန်းခြံကို ဦးဥတ္တမပန်းခြံအဖြစ် ပြောင်းလဲကြောင်း သတင်းထွက်ပေါ်လည်း တရားဝင် မဟုတ်သေးဟုဆို
by -
နိရဥ္စရာ

ရန်ကုန်မြို့ရှိ ကန်တော်မင်ပန်းခြံကို ယခင်မူရင်းနာမည်ဖြစ်သည့် ဆရာတော် ဦးဥတ္တပန်းခြံ အဖြစ် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ ပြောင်းလဲလိုက်ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း တရားဝင် စာထုတ်ပြန်ခြင်း မရှိသေးကြောင်း သတင်းရရှိသည််။

ပန်းခြံအမည်ပြောင်းလိုက်သည့် သတင်းများထွက်ပေါ်လာသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်အား ဆက်သွယ်မေးမြန်းရာ  သူကယခုကဲ့သို့ ပြောဆိုသည်။

“ ကျွန်တော်အနေနဲ့ ဒီကိစ္စကို တရားဝင်မပြောလိုသေးဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန် တော်တို့ဆီကို တရားဝင်အကြောင်းကြားတဲ့ စာမရောက်သေးတဲ့ အတွက်ဖြစ်ပါတယ်” ဟု ဆိုသည်။

အမှန်တကယ်သာ နိုင်ငံတော်မှ ကန်တော်မင်ပန်းခြံ အမည်ကို ဦးဥတ္တမပန်းခြံအဖြစ် ပြောင်းလဲလိုက်လျှင် ၀မ်းသာစရာသတင်းဖြစ်ကြောင်း ၀န်ကြီး ဦးဇော်အေးမောင်က ယခုကဲ့သို့ ဆက်ပြောသည်။

“ အမှန်ဆိုတော့ ကောင်းပါတယ်။ နှစ်ပေါင်း ၆၀ ကျော် မြန်မာနိုင်ငံ လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမ ပန်းခြံဖြစ်ပြီးမှ ဖျက်ဆီးခံရတယ်။ ပြန်ပြီး အခုနှစ်ပေါင်း ၆၀ ကျော်မှ ကျွန်တော်တို့ ရခိုင်တိုင်းရင်း သားတွေ စည်းစည်းလုံးလုံး တောင်းဆိုဖော်ထုတ်ပြီးမှ ပြန်ပြီး မူရင်း နာမည်ရတယ်ဆိုတာ ရခိုင်တိုင်းရင်း တွေအတွက် အောင်ပွဲတခုလည်းဖြစ်တယ်။ မြန်မာနိုင်ငံ အတွက်လည်း ဂုဏ်ယူစရာကောင်းတဲ့အရာတခုပါ” ဟု ဆိုသည်။

ယခုထွက်ပေါ်သည့် သတင်းသာ မှန်ကန်ခဲ့လျှင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးဆိုသော ဒို့တာဝန် အရေးသုံးပါးထဲက စည်းလုံးညီညွတ်ရေးကို သမ္မတ ဦးသိန်းစိန် အနေဖြင့် အမှန်တကယ် တည်ဆောက်ခြင်း ဖြစ်သည်ဟု  ယုံကြည်မည် ဖြစ်ကြောင်း ဦးဇော်အေးမောင်က ပြောဆိုသွားသည်။

ယခု နောက်ဆုံး ရောက်ရှိသော သတင်းအရ ကန်တော်မင်းပန်းခြံအား ဆရာတော် ဦးဥတ္တမ ပန်းခြံ အဖြစ် ပြောင်းလဲလိုက်ကြောင်းကို သက်ဆိုင်ရာ အစိုးရတာ ၀န်ရှိသူ တစ်ဦးမှ ထုတ်ဖေါ်ပြောကြားရာမှ ရခိုင်အမျိုးသား များအကြား ယခုကဲ့သို့ သတင်းများ ပျံ့နှံ့နေခြင်း ဖြစ်ကြောင်း သိရသည်။

၁၉၆၂ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ထုတ် မဏ္ဍိုင်နေ့စဉ်သတင်းစာတွင် ကန်တော်မင်း ပန်းခြံကို ဦးဥတ္တမ ပန်းခြံ အဖြစ် ဖွင့်လှစ်ပြီ ခေါင်းစဉ်ဖြင့် အောက်ပါအတိုင်း သတင်းဖေါ်ပြခဲ့သည်။

ပြည်တွင်း ငြိမ်းချမ်းမှုအတွက် ဝိုင်းဝန်း ဆောင်ရွက်ကြ

ဆရာတော် ဦးဥတ္တမ၏ ၈၂ နှစ်မြောက် မွေးနေ့နှင့် ပန်းခြံဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ရ နာရီအချိန်က ရွှေတိဂုံတောင်ဘက်မုခ်ရှိ ကန်တော်မင်ပန်းခြံအတွင်း၌ ကျင်းပသည်။

မျက်နှာစုံ

အဆိုပါ အခမ်းအနားတွင် သာသနာရေးဝန်ကြီး ဦးဘစော၊ အတွင်းဝန် ဦးသန်းစိန်၊ ပြန်ကြားရေး  ဝန်ကြီးဌာန ဝန်ကြီး ဦးဘမြိုင်နှင့် ဦးဥတ္တမနေ့ ဖြစ်မြောက်ရေး ကော်မတီဝင်များ တက်ရောက် ကြသည်။ ဆရာတော် သံဃာတော်ကြီးများ နိုင်ငံရေး အဖွဲ့ခေါင်းဆောင်များလည်း တက်ရောက်ကြ၏။

 ဝိုင်းဝန်းကြပါ

အခမ်းအနားကို ဝန်ကြီးဦးဘစောက ဖွင့်လှစ်၍ အခမ်းအနား သဘာပတိ ဦးဥတ္တမနေ့ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ ဦးဘစိုးက ဆောင်ရွက်ပြီး မိန့်ခွန်းစကားပြောကြားသည်။ ဦးဘစိုးက မိန့်ခွန်း စကားပြောကြားရာတွင် ဆရာတော် ဦးဥတ္တ၏ ဆန္ဒနှင့် ကြိုးပမ်းမှုကို လေးစားသော အားဖြင့် နယ်ချဲ့ ဆန့်ကျင်ရေး ကိုလိုနီ ဝါဒဆိုးကြီး ကျဆုံးရေးနှင့် အမျိုးသားညီညွတ်ရေး ၊ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ကြသင့်သည် စသည်ဖြင့် ပြောကြားသွား၏။ ထို့နောက် ကျန်းမာရေးနှင့် သာသနာရေး ဌာနဝန်ကြီး ဦးဘစောက ဆက်လက် ပြောကြားရာတွင် ဆရာတော် ဦးဥတ္တမသည် ပြည်သူတစ်ရပ်လုံး၏ နယ်ချဲ့ကိုလိုနီလက်အောက်မှ လွတ်မြောက်ရေးအတွက် ပြည်သူတစ်ရပ်လုံးအား အသိဉာဏ်ဖွင့်ပေးခဲ့သော လွတ်လပ်ရေးလမ်းပြ ဆရာတော်ကြီး စသည်ဖြင့် ဦးဥတ္တမ၏ ရာဇဝင်ကြောင်းနှင့်တကွ အကျယ်တဝင့် ရှင်းလင်း ပြောကြား သွား၏။

Most read this week