ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်များ စစ်တွေတွင် သြဝါဒခံယူ

ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်များ စစ်တွေတွင် သြဝါဒခံယူ
by -
နိရဥ္စရာ

ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်အမှူးပြုသော ပါတီ ခေါင်းဆောင်များသည် စစ်တွေမြို့တွင် သြဝါဒ ခံယူပွဲ တစ်ခုကို အောက်တိုဘာလ (၁၀) ရက်နေ့က ကျင်းပ ပြုလုပ် ခဲ့ကြသည်။

ယင်းသြဝါဒ ခံယူပွဲမှာ စစ်တွေမြို့ရှိ ဆရာတော်ကြီးများနှင့် ၀ါရင့် နိုင်ငံရေးသမားများထံမှ သြဝါဒခံယူပွဲဖြစ်ပြီး စစ်တွေမြို့ လမ်းမတော်တောင် ဓမ္မာရုံတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ယင်းသြဝါဒခံယူပွဲသို့ ရခိုင်အမျိုးသားပါတီဥက္ကဌ ဒေါက်အေးမောင်အပါအဝင် ရခိုင်အမျိုးသားပါတီမှ ထိပ်ပိုင်းခေါင်းဆောင်များ၊ လွှတ်တော်အမတ်တချို့၊ စစ်တွေမြို့မှ  ဆရာတော်ကြီး ၈ ပါးနှင့်  ရခိုင် ၀ါရင့်နိုင်ငံ ရေးသမားများ အပါအဝင် ပရိသတ် ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။

“ယနေ့ကာလဟာ ရခိုင်အမျိုးသားများအတွက် အညီညွတ်ဆုံးကာလလို့ ကြွေးကြော်လို့ရပါတယ်။ နောင်လာ နောင်သားများ အတုယူလို့ရအောင် ပန်းတိုင်တစ်ခုသို့ အရောက် ချီတက် လုပ်ဆောင် နိုင်မယ်လို့ ယုံကြည်ပါ တယ်။ လုပ်ငန်းအကောင်အထည်ဖေါ်ဆောင်ရာမှာ အကြံဉာဏ်များ ရယူနိုင်ဖို့ အတွက် ရခိုင်လူထုရဲ့ မိဘသဖွယ်ဖြစ်တဲ့ ရခိုင်သင်္ဃာများနဲ့ ရခိုင်ဝါရင့်နိုင်ငံရေးသမားများရဲ့ သြဝါဒကို ခံယူရခြင်းဖြစ်ပါတယ်” ရခိုင်အမျိုးသားပါတီ ဥက္ကဌဒေါက်တာအေးမောင်က သြဝါဒ ခံယူပွဲတွင် ပြောကြားသည်။

ဆရာတော်များသြဝါဒပြောကြားရာ၌ ခေါင်းဆောင်းတိုင်း ခန္တီပါရမီနှင့် မေတ္တာတရားရှိဖို့လိုအပ်ကြောင်း ဆရာတော်ကြီးတစ်ပါးက မိန့်မှာသည်။

“ခေါင်းဆောင်တိုင်းဟာ ခန္တီ၊ မေတ္တာရှိရမယ်။ ခန္တီရှိရင် မေတ္တာထားနိုင်တယ်၊ မေတ္တာ ရှိရင်လည်း ခန္တီစိတ်ဖြစ် ပေါ်တယ်။ မေတ္တာတရားထားနိုင်ဖို့အတွက် အဃာတကို ပယ်ဖျောက်ရမယ်။ မေတ္တာ ပွားလိုသူဟာ ခန္တီ တရားကို ရှာဖွေတတ်တယ်” ဟု ဆရာတော်က သြဝါဒစကား ပြောကြားသည်။

အမျိုးသားရေးအတွက် လုပ်ဆောင်ရာ၌ အတ္တမာနကို ရှေ့တန်းမတင်ဘဲ လုပ်ဆောင်ရမည်ဟု ဘယရက္ခိတ ဆရာတော်က မိန့်မှာသည်။

“အတ္တမာနကို ရှေ့တန်းမတင်ဘဲ ငါဟာ အများအတွက် ဖြစ်စေရမယ် ဆိုတဲ့စိတ်ထားမျိုးရှိရမယ်။ ခေါင်းဆောင်တစ်ယောက်တည်းကို လုပ်ချင်သလိုလုပ်ပါစေ ဆိုပြီးတော့ လွှတ်ပေးလို့မရဘူး။ ခေါင်းဆောင်အတွက် အခြံအရံနဲ့ နောက်လိုက်ငယ်သားတွေပါ ပူးပေါင်းပါ၀င်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်”ဟု ဆရာတော်က သြဝါဒစကားပြောကြားသည်။

သူများက ANP ပေါ်ပေါက်လာသည်ကို RNDP နှင့် ALD ပေါင်းစည်းသည်ဟု သုံးနှုန်းကြသည်။ မိမိက ထိုသို့မမြင်ကြောင်း ယခင်က ရခိုင်ပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင် ခိုင်စိုးက ပြောကြားသည်။

“သူများတွေ ပြောနေကြတဲ့ ANP ပေါ်ပေါက်လာခြင်းဟာ RNDP နဲ့ ALD ပေါင်းစည်းခြင်းကြောင်းဖြစ်ပေါ်လာ တယ်လို့ ပြောကြတယ်။ ကျွန်တော်မြင်တာက ယခင်က ALD က ပဲ့ထွက်သွားတဲ့အခြမ်းနဲ့ ကျန်လိုက်တဲ့ ALD တို့ပြန်လည် ပေါင်းစည်းကြတယ်လို့မြင်တယ်” ဟု ဦးခိုင်စိုးက ပြောသည်။

ရခိုင်အမျိုးသားပါတီအနေဖြင့် နာယကအဖွဲ့နှင့် အကြံပေးအဖွဲ့များကို ဖွဲ့စည်းဖို့ အကြံပြု တင်ပြခဲ့ကြသည့် အပြင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် သင့်တော် မှန်ကန်သူများကို ရွေးချယ်ဖို့လိုအပ်ကြောင်း သြဝါဒစကား ပြောကြားခဲ့ကြသည်။

ယခင်က ရခိုင်နိုင်ငံရေးလောကတွင် အနစ်နာခံပြီး ဦးဆောင်ဦးရွက်လုပ်ကိုင်ခဲ့ကြသော ဦးအေးသာအောင်၊ ဦးဦးလှစော၊ ဦးခိုင်ပြည်စိုးတို့ ဦးဆောင်မှု အခန်းကဏ္ဍက ပြန်ပါလာအောင် လုပ်ဆောင်ဖို့လိုအပ်ကြောင်းလည်း အကြံပေးပြောကြားခဲ့မူများ ရှိခဲ့သည်။

အချင်းချင်းအကြား ပိုပြီးစည်းလုံးညီညွတ်မှု ရှိလာစေရန် တွေ့ဆုံဆွေးနွေးရေး မကြာခဏ လုပ်ပေး လိုအပ် ကြောင်းလည်း သြဝါဒစကားပြောကြားခဲ့ကြသည်။

ရခိုင်အမျိုးသားပါတီ အနေဖြင့် အမျိိုးသားရေးအပြင် ဒီမိုကရေစီအရေးအတွက်လည်း လုပ်ဆောင် သွားဖို့ လိုအပ်ကြောင်း ရခိုင်ဝါရင့် နိုင်ငံရေးသမားတစ်ဦး ဖြစ်သူ ဦးဝေစိန်အောင်က ပြောသည်။

“RNDP နဲ့ ALD ပါတီကို ပေါင်းစည်းနိုင်လိုက်ကြခြင်းဟာ ပါတီနိုင်ငံရေးကနေ အမျိုးသားနိုင်ငံရေးကို တဆင့် တက်လိုက်တာဖြစ်ပါတယ်။ စစ်မှန်တဲ့ပြည်ထောင်စုအတွက် အခြားတိုင်းရင်းသားတွေနဲ့ လက်တွဲရမှာ ဖြစ်သလို ဒီမိုကရေစီရေးအတွက်လည်း NLD နဲ့ လက်တွဲရမှာဘဲ။ NLD ပါတီမှာ ရပ်တည်ချက်မှန်ကန်တဲ့ သူတွေလည်းရှိပါတယ်”ဟု ပြောသည်။

ရဟန်းရှင်လူ ပြည်သူများအနေဖြင့် ရခိုင်အမျိုးသားပါတီ၏ ရပ်တည်လှုပ်ရှားများကို စောင့်ကြည့်ပြီး ပါတီအနေ ဖြင့် အားနည်းချက်၊ အမှာများရှိလာလျင် ပါတီသို့ စာရေး၍ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ ဝေဖန်ထောက်ပြနိုင် ကြောင်း ရခိုင်အမျိုးသားပါတီ ဒုဥက္ကဌ ဦးဖိုးမင်းက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။

ယင်းဝါသြဒခံယူပွဲကို နေ့လည်ပိုင်းတွင် စတင်ခဲ့ပြီး  ညနေ ၆ နာရီ ခန့်တွင်ပြီးဆုံးခဲ့သည်။ အခမ်းအနား တွင်တက်ရောက်လာသော သင်္ဃာတော်များကို ငွေကြေးကပ်လှူပြီး ၀ါရင့် နိုင်ငံရေးသမားများကိုလည်း ၀တ္ထုပစ္စည်းများဖြင့် ရခိုင်အမျိုးသား ပါတီမှ ထိပ်တန်း ခေါင်းဆောင်များက ကန်တော့ခဲ့ကြသည်။

Most read this week