ဘင်္ဂလာဒေချ့် ရွာတော်မြို့ ၀ါကျွတ်ပွဲ တမူထူးခြား

ဘင်္ဂလာဒေချ့် ရွာတော်မြို့ ၀ါကျွတ်ပွဲ တမူထူးခြား
by -
နိရဥ္စရာ

လူနည်းစု ဗုဒ္ဓဘာသာဝင်များ နေထိုင်ရာ ဘင်္ဂလာဒေချ့်နိုင်ငံ ရွာတော်မြို့ ၀ါကျွတ်ပွဲတော်က မြန်မာ့ ဓလေ့စရိုက်တွေနဲ့ အလွန်နီးစပ်ပြီး တမူ ထူးခြားကာ အထူးပျော်ရွှင်စရာ ကောင်းတယ်လို့ အဲဒီဝါကျွတ်ပွဲကို ကိုယ်တိုင် ဆင်နွဲခဲ့တဲ့ မမေသန်းက ပြောပါတယ်။

ဒီနှစ် ၀ါကျွတ်ပွဲတော်ကို ရွာတော်မြို့မှာ လေးရက်ကြာကျင်းပခဲ့ပြီး ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြတဲ့ မာရမာ၊ ရခိုင်၊ သက်၊ ဒိုင်းနက်စတဲ့ လူမျိုးတွေက ပါ၀င်ဆင်နွှဲခဲ့ကြပါတယ်။

ပွဲတော်လေးရက်စလုံးရဲ့ ညနေပိုင်းတွေမှာ ရောင်စုံ စက္ကူတွေနဲ့ တံဆာဆင် ပြုလုပ်ထားတဲ့ ဟင်္သာ၊ ကရဝိတ်ိ၊ ကြိုးကြာ၊ နဂါး အရုပ်အမျိုးမျိုးတွေကို မီးရောင်စုံထွန်းညှိပြီး မြို့ကို ပတ်ကာ ဗုဒ္ဓဘာသာဝင်တွေက ၀ါကျွတ်ပွဲကို ဆင်နွှဲခဲ့ကြပါတယ်။ ဘုန်းတော်ကြီးကျောင်းတွေကလည်း မီးပုံပျံတွေကို ညလုံးပေါက် လွှတ်တင်ခဲ့ကြပါတယ်။

လူကြီး လူငယ်၊ အပျိုလူပျိုတွေက တူရိယာမျိုးစုံကို တီးခတ်ပြီး လမ်းမတလျှောက် ကခုန်မြူးတူးပျော်ပါးနေကြ တာဟာ ၀ါကျွတ်ပွဲကို ပိုပြီး ထူးခြားစေတယ်လို့ မမေဦးက ပြောပါတယ်။

ရွာတော်ဆိုတာက မြန်မာနဲ့ ရခိုင်တွေက ခေါ်ဆိုတာ ဖြစ်ပြီး ဘင်္ဂလာဒေချ့်မှာ ဒီမြို့လေးကိုတော့ ဘင်ဒရိုဘင် လို့ ခေါ်ပါတယ်။

ရခိုင်သမိုင်းအရ ယခုလက်ရှိ ဘင်္ဂလာဒေချ့် နိုင်ငံ စစ်တကောင်းတောင်တန်းနယ်မှာ မိသားစု တစ်ထောင်စီ ပါ၀င်တဲ့ သက်ထောင်၊ ဖလံထောင်၊ ဗိုလ်မင်းထောင်ကို ရခိုင်ဘုရင် လက်ထက်က တည်ထောင်ပေးခဲ့ပြီး အခုအချိန် ဒေသခံ ရခိုင်တွေက အဲဒီဒေသက ခရိုင် (၃) ခုကို သက်ထောင်၊ ဖလံထောင်၊ ဗိုလ်မင်းထောင်လို့ ခေါ်ဆိုကြပါတယ်။

အခု ရွာတော်ဟာ ဗိုလ်မင်းထောင်မှာ တည်ရှိပြီး ရခိုင်မျိုးနွယ်စုတွေဖြစ်တဲ့ မာရမာ လူမျိုးတွေ အများစု နေထိုင်ကြပါတယ်။

အဲဒီဒေသမှာ စည်းမျဉ်းခံ ဘုရင်ခံ အုပ်ချုပ်တဲ့ စနစ်ဟာ ရခိုင်ဘုရင်လက်ထက်ကတည်းက ရှိခဲ့ပြီး အင်္ဂလိပ်နဲ့ ပါကိစ္စတန် အုပ်ချုပ်တဲ့ အချိန်မှာလည်း ဆက်လက်ထားရှိခဲ့တဲ့အတွက် လက်ရှိ အချိန်ထိ ဒီစနစ်ဟာ တည်တံ့နေပါတယ်။

လက်ရှိ အဲဒီဒေသကို အုပ်ချုပ်တဲ့ ဗိုလ်မင်းက အင်ဂျင်နီယာ ဦးစောဖြူ ဖြစ်ပါတယ်။

ရွာတော်မြို့ ဒီနှစ်ဝါကျွတ်ပွဲတော်ရဲ့ နောက်ဆုံးနေ့မှာတော့ ရထားဆွဲပွဲ၊ ဆီးမီးဖေါင်တွေကို မြစ်ထဲ မျှောချခဲ့ကြပြီး လူပေါင်းသောင်းနဲ့ ချီပြီး ပါ၀င် ဆင်နွှဲခဲ့ကြတယ်လိ်ု့ ဒေသခံ ရခိုင်လူမျိုး ကိုမောင်အေးက ဆိုပါတယ်။

ရွာတော်မြို့ ၀ါကျွတ်ပွဲတော်ကိုတော့ ရွာတော်ခရိုင် လွှတ်တော် အမတ် ဘီဘာဟာဒူရ် (ဦးရွှေသိန်း)၊ ဘင်္ဂလာဒေချ့် စစ်တပ်က အရာရှိကြီးတွေ၊ အစိုးရ ဌာနဆိုင်ရာ အရာရှိကြီးတွေ တက်ရောက် အားပေးခဲ့ကြတယ် လို့ သူက ဆိုပါတယ်။

Most read this week