မင်းပြားစက်လှေနစ် ၉ ဦးသေဆုံး

မင်းပြားစက်လှေနစ် ၉ ဦးသေဆုံး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် စက်လှေနစ်ရာ သေဆုံးသူ အရေအတွက်မှာ အောက်တိုဘာ ၈ရက်နေ့က အမျိုးသမီး တစ်ဦးအလောင်းကို ဆယ်ယူရရှိပြီးနောက် (၉) ဦးရှိသွားပြီဟု သိရသည်။

“ သေဆုံးတာ ၉ ဦးပါ။ အခု အမူဖွင့်ထားပါတယ်” ဟု မင်းပြားရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောသည်။

သေဆုံးသူများမှာ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး ရ ဦးတို့ ဖြစ်ကြောင်း သိရသည်။

“ သူတို့က ချော်ချောင်းကနေစက်လှေနဲ့ ၀ါကျွတ်အတွက် စျေးဝယ်ဖို့ မင်းပြားမြို့ကို လာကြတာပါ။ စုစုပေါင်း လူ ၅၀ နီးပါးခန့်ပါလာပါတယ်။ မင်းပြားကို မရောက်ခင်မှာ စက်လှေတက်မနဲ့ ငါးဖမ်းပိုက်ငြိပြီး လေးမြို့ မြစ်လယ်မှာ စက်လှေ တိမ်းမှောက်ပြီး နစ်သွားတာပါ။ ဒီလ ၆ ရက်နေ့ နံနက် ၁၁ နာရီခန့်မှာ ဖြစ်တာပါ” ဟု မင်းပြားမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသာကျော်က ပြောသည်။

အဆိုပါစက်လှေမှာ ချော်ချောင်းကျေးရွာနေ ဦးထွန်းအောင်ကျော်ပိုင် စက်လှေဖြစ်ပြီး မင်းပြားရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ ရခိုင်ပြည်နယ်အတွင်း စက်လှေနစ်တိုင်း သေဆုံးမူများ ရှိနေရခြင်းမှာ အာဏာပိုင်များအနေဖြင့် တာဝန် ၀တ္တရားများ ပေါ့လျော့ ဖြစ်ကြောင်း ဦးသာကျော်က ဆိုသည်။

“ လူစီး စက်လှေတွေက လူ ၃၀ တင်မယ့် နေရာမှာ ၅၀ တင်တယ်။ ဒါပေမယ့် ဟန့်တားမယ့်သူ မရှိဘူး။ ပီးရင် အသက်ကယ် အကျီင်္တို့၊ အသက်ကယ်ဘောဆိုတာလည်း ဘယ်စက်လှေမှာမှ မပါဘူး။ ဒါကြောင့် စက်လှေနစ်ရင် ဘယ်မှာဘဲ နစ်နစ် လူအသေအပျောက်များတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ် အစိုးရအနေဖြင့် ခရီးသည်တင် စက်လှေများဖြင့် သွားလာသူများကို အသက်ကယ်အကျီများ ၀တ်ဆင်စေခြင်း၊ စက်လှေများပေါ်တွင် အသက်ကယ်ဘောများ ချိတ်ဆွဲသွားလာခြင်းများ မလုပ်မနေရ အမိန့်ချမှတ် လုပ်ဆောင်ရန် ညွှန်ကြားခြင်းများနှင့်အတူ ခရီးသည် အရေအတွက်ကိုလည်း စက်လှေ အရွယ်အစားအလိုက် သတ်မှတ်ထားခြင်းများ ပြုလုပ်သင့်ကြောင်း ရခိုင်ဒေသခံများက ပြောဆိုသည်။

Most read this week