တောင်ကုတ်တွင် မူဆလင်(၁၀) ဦးသတ်ဖြတ်ခံရမူနှင့် ဆက်စပ်ဖမ်းဆီးခံရသူများထဲတွင် မသက်ဆိုင်သူများပါ၀င်နေဟုဆို

တောင်ကုတ်တွင် မူဆလင်(၁၀) ဦးသတ်ဖြတ်ခံရမူနှင့် ဆက်စပ်ဖမ်းဆီးခံရသူများထဲတွင် မသက်ဆိုင်သူများပါ၀င်နေဟုဆို
by -
နိရဥ္စရာ

တောင်ကုုတ် မြို့တွင် ၂၀၁၂ ခုနှစ်ဇွန်လဆန်းပိုင်းက မူဆလင် (၁၀) ဦး သတ်ဖြတ်ခံရမူနှင့် ပတ်သက်ပြီး ဖမ်းဆီးခံရသူများ အထဲတွင် အမူနှင့် မသက်ဆိုင်သူများ ပါ၀င်နေသည်ဟု အဖမ်းခံထားရသူများထဲမှ တစ်ဦးဖြစ်သူ ကိုသိန်းရွှေမောင်၏ ဇနီးမဇာဇာက ပြောကြားသည်။

 “ ဟုတ်ကဲ့ ကျမခံစားချက်ကို နည်းနည်းပြောချင်လို့ပါ။ အခုဖမ်းဆီးခံထားရတဲ့ ရ ယောက် မိသားစုတွေ တော်တော် ဒုက္ခခံစားရကြတယ်။ ကျမက တောင်ကုတ်မြို့ခံပါ။ အခုဖမ်းထားတဲ့အထဲမှာ တောင်ကုတ်ဒေသခံ တစ်ယောက်မှမပါဘူး။ နောက်ပြီးကိုစိုးမင်းဆိုသူကိုလည်း ကင်းရုံက ဆွဲခေါ်သွားတာဖြစ်တယ်။ သူသတ်တယ် မသတ်ဆိုတာ ကျမမသိဘူး။ ဒါပေမဲ့သူက အရက်သမားတစ်ယောက် မိမရှိ၊ ဆွေးမျိုးမရှိ၊ အသိုင်းဝိုင်းမရှိတဲ့ သူတစ် ယောက်ဖြစ်တယ်။ အာဏာပိုင်တွေက ရရင်ပြီးရောဆိုတဲ့ သဘောနဲ့ဆွဲခေါ်သွားတာပါ” ဟု ဆိုသည်။

တောင်ကုတ် လူသတ်မူနှင့် ပတ်သက်ပြီး လူသတ်သူများဟု စွပ်စွဲ ခံထားရသူ (၇) ဦးအား ဖမ်းဆီး စစ်ဆေးနေသည်မှာ တနှစ်ကျော် ကြာမြင့်လာပြီ ဖြစ်သဖြင့်အမူကို အမြန်ဆုံးဖြတ်ပြီး အမူတွင် မပါ၀င်သူများကို အမြန် ပြန်လွတ် ပေးစေချင်သည်ဟု သူမက ဆိုသည်။

“ ကျမပြောလိုတာက ဒီအမှုနဲ့ခံရသူတွေရဲ့ မိသားစုတွေဟာ ကလေးတွေနဲ့ တော်တော်ဆင်းရဲ ဒုက္ခ ရောက်နေကြတယ်။ ဒီအမှုကို မြန်မြန်ဖြတ်ပြီး အပြစ်မရှိတဲ့သူတွေကို အမြန်လွတ်ပေးစေချင်တယ်လို့ ကျမပြောချင်ပါတယ်” ဟု ဆိုသည်။

ဖမ်းဆီးခံထားရသူ (၇) ဦးမှာ ကိုသိန်းရွှေမောင်၊ကိုပေါက်ချေ (ခေါ်) မင်းသိုက်ထွန်း၊ ကိုစောသန်းကျော်၊ ကိုထွန်းမင်း၊ ကိုဝင်းနိုင်၊ ကိုအေးမင်းနဲ့ကိုလေးမောင်တို့ ဖြစ်ကြပြီး ယင်းအထဲတွင် တောင်ကုတ်မြို့ခံ တစ်ဦးမှ မပါ၀င်ဟု သူမက ပြောဆိုသည်။

ဖမ်းဆီးခံထားရသူ ကိုသိန်းရွှေမောင်မှလည်း အခင်းဖြစ်ပွားစဉ်က ရိုးတောင်ပေါ်သို့ အလုပ်ကိစ္စ တစ်ခုဖြင့် သွားရောက်ခဲ့ပြီး ပြန်ဆင်းအလာတွင်  ပြင်ပနေ၍ ကြည့်နေခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။

“အဲဒီနေ့က ကျွန်တော်ခရီးသွားရာက ပြန်လာတာပါ။ ရိုးထက် တောင်ပေါ်ကိုသွားနေရာကနေ ခရီးသွားရာက ပြန်လာ တဲ့အခါ ကြံုကြိုက်တဲ့အတွက် ၀င်ကြည့်ခဲ့တာဘဲရှိပါတယ်။ ကျွန်တော် ရဲရဲဝံ့ဝံ့ အာမခံပါတယ်။ ဒီအမူမှာ ကျွန်တော် လုံးဝ ပါ၀င်ပတ်သက်မူ မရှိပါ” ဟု ကိုသိန်းရွှေမောင်က ဆိုသည်။

၎င်းပြင် အမူကိုလည်း အုပ်စုဖွဲ့ပြီး ပူးပေါင်းကြံစည် လူသတ်မူဖြင့် စွပ်စွဲထားသဖြင့် အမူကို တမင်ဖန်တီးလုပ်ကြံ ထားသည်ဟု သူက ဆိုသည်။

“ကျွန်တော်တို့ကို ဖမ်းထားတာက ၃၀၂ / ၃၄ ပုဒ်မနဲ့ပါ။  ၃၀၂ / ၃၄ ပုဒ်မက ကျွန်တော်တို့ကို အုပ်စုဖွဲ့ပြီး ပူးပေါင်း ကြိုတင် ကြံစည် လူသတ်မှုနဲ့ စွဲချက်တင်ထားတယ်။ ဒီလူတွေနဲ့ ကျွန်တော်တခါမှ မတွေ့ဖူး ရင်းနှီးတာလည်း မရှိဘဲ ကြိုတင်ပူးပေါင်းကြံစည် လူသတ်တယ်ဆိုပြီး လုပ်ထားတဲ့အတွက် ကျွန်တော်တို့ အနေနဲ့ သိပ်ပြီးခံစားရတယ်” ဟု ဆိုသည်။

မူဆလင် (၁၀) ဦးကို တောင်ကုတ်မြို့တွင် သတ်ဖြတ်မူနှင့် ဖမ်းဆီးခံထားသူ (၇) ဦးအမူကို အောက်တိုဘာလ ၂ ရက်နေ့က  အပြီးသတ် လျှောက် လဲချက်ပေးခဲ့ပြီး များမကြာမီ သံတွဲခရိုင် တရားရုံးမှ အမိန့်ချမှတ် နိုင်ဖွယ် ရှိကြောင်း သိရသည်။ ထိုအထဲတွင် တစ်စုံတစ်ရာ ပါ၀င်ပတ်သက်မူ မရှိဘဲ အစားထိုး ထောင်ချခံကြရမည်ကို မိသားစုများက စိုးရိမ်နေကြသည်ဟု သိရသည်။

၂၀၁၂ ခုနှစ် ဇွန်လ ပထမအပတ်က သံတွဲမှ ရန်ကုန်သို့ သွားသည့် ဘတ်စ်ကား တစ်စီးမှ မူဆလင် (၁၀) ဦး သတ်ဖြတ်ခံခဲ့ရပြီး ယင်းအမူနှင့် ဆက်စပ်ကာ လူ (၇) ဦးကို နောက်ပိုင်းတွင် ဖမ်းဆီးခဲ့သည်။

Most read this week