သံတွဲ သီတင်းကျွတ် နိဗ္ဗာန်ဈေးပွဲတော်နှင့် စည်ကား

သံတွဲ သီတင်းကျွတ် နိဗ္ဗာန်ဈေးပွဲတော်နှင့် စည်ကား
by -
နိရဥ္စရာ

သီတင်းကျွတ်လပြည့်နေ့အား ဂုဏ်ပြုပူဇော်သောအားဖြင့် မုန့်ပဲသွားရေစာများ အခမဲ့ကျွေးမွေးသည့့် နိဗ္ဗာန်ဈေးပွဲတော်ကို ရက္ခိတ သာရေးနာရေးအခမဲ့အသင်းမှ ဦးဆောင်ကာ သံတွဲမြို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း အသင်းတာဝန်ရှိသူများက ပြောကြားသည်။

“မူလတန်းကြိုကျောင်းက ကျောင်းသားကျောင်းသူလေးတွေရဲ့ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ တေးသရုပ်ဖော် ပြိုင်ပွဲ တို့ကိုလည်း တွဲဖက်ကျင်းပခဲ့ပါတယ်။ သံတွဲမြို့ပေါ်မှာဆိုရင်တော့ ပထမဆုံးလုပ်တာပါ၊ နှစ်စဉ်နှစ်တိုင်း လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်” ဟု ရက္ခိတသာရေးနာရေးအခမဲ့အသင်းမှ အလုပ်အမှုဆောင် တစ်ဦးဖြစ်သူ ဦးဇော်ဝင်းအောင်က ပြောသည်။

ယင်းပွဲကို သီတင်းကျွတ်လပြည့်နေ့ညတွင် ညနေ(၆)နာရီမှ (၁၀)နာရီထိ အသင်းရုံးခန်းရှိရာ သံတွဲမြို့၊ ဗိုလ်ချုပ်လမ်းတွင် ပြုလုပ်ခဲ့ပြီး အလှူရှင်ဆိုင်ခန်းပေါင်း(၃၀၀)ခန့်ရှိသည်ဟု  ဦးဇော်ဝင်းအောင်က ဆိုသည်။

နိဗ္ဗာန်ဈေးပွဲတော်ဆိုသည်မှာ ပွဲသို့ လာတဲ့သူများအား အလှူရှင်များက ဆိုင်ခန်းများဖွင့်ထားပြီး မုန့်ပဲ သွားရေစာများအား အခမဲ့ လှူဒါန်းကျွေးမွေးခဲ့ကြောင်း သံတွဲမြို့မှ လူငယ်တစ်ဦးက ရှင်းပြသည်။

“ခေါက်ဆွဲဆိုင်ဆို ခေါက်ဆွဲဆိုင်ပေါ့၊ ဟိုဘက်က ဒံပေါက်ဆိုင်ဆို ဒံပေါက်ဆိုင်။ လာတဲ့လူတွေက ဒံပေါက်လက်မှတ်ရတဲ့သူက ဒံပေါက်ဆိုင်မှာ အလကားသွားစားကြတယ်”  ဟု ၎င်းက ဆိုသည်။

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် ပွဲလမ်းသဘင်ပြုလုပ်ရသဖြင့် ကျေနပ်မိကြောင်း သံတွဲမြို့ ဒွာရာဝတီမြို့သစ်နေ ဒေါ်တင်မျိုးခိုင်ကလည်း ယခုလို ပြောသည်။

“အင်မတန်ကောင်းတဲ့ အစီအစဉ်ပါ၊ ကျွန်မတို့မြို့မှာ သီတင်းကျွတ်လပြည့်နေ့ကို ပွဲလမ်းသဘင်လုပ်တာ တစ်ခါမှ မတွေ့ခဲ့ဘူး။ တန်ဆောင်မုန်းလပြည့်ဆိုရင်တော့ မီးထွန်းပွဲနဲ့ လေးမျက်နှာကုန်း ဓမ္မာရုံမှာ ဝင်္ကပါပွဲ တွေနဲ့ စည်ကားပါတယ်။ အခုလို နိဗ္ဗာန်ဈေးပွဲတော်လုပ်မယ်ဆိုတော့ ကောင်းတဲ့ အစဉ်အလာ တစ်ခု ဖြစ်သွားမှာပေါ့” ဟု သူမက ပြောသည်။

ရက္ခိတသာရေးနာရေး အခမဲ့အသင်းကို ၂၀၁၃၊ ဇန်နဝါရီလ(၁)ရက်နေ့တွင် ကော်မတီဝင်(၂၃)ဦးဖြင့် စတင်မှတ်ပုံတင်ခဲ့ပြီး၊ သံတွဲမြို့နယ်မှ သာရေးနာရေးကိစ္စများတွင် အခမဲ့ကူညီဆောင်ရွက်ပေးသည့် အဖွဲ့တစ်ခုဖြစ်သည်။

Most read this week