စစ်တွေမြို့ သီတင်းကျွတ် ဆွမ်းတော်ကြီးလောင်းပွဲ အထူး စည်ကား

စစ်တွေမြို့ သီတင်းကျွတ် ဆွမ်းတော်ကြီးလောင်းပွဲ အထူး စည်ကား
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့တွင် ဆွမ်းတော်ကြီးလောင်းပွဲကို အောက်တိုဘာလ ရ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ အထူးစည်ကားနေကြောင်း သိရှိရသည်။

အောက်တိုဘာလ ၈ရက်တွင် ကျရောက်သော ၀ါကျွတ်လပြည့်နေ့ ဆွမ်းတော်ကြီး လောင်းပွဲကို စစ်တွေမြို့ အတုလ မာရဇိန် ဘုရားကြီးသိမ်အနီးရှိ ၀င်္ကဘာကွင်းတွင် အောက်တိုဘာလ နံနက် ၉ နာရီမှ ၁၁ နာရီခွဲထိ ကျင်းပ ပြုလုပ်ရာ လူပေါင်းသောင်းချီတက်ရောက်ပြီး ဆွမ်းတော်ကြီး လောင်းလှူခဲ့ကြသည်။

DSCF6109

အဆိုပါ ၀င်္ကဘာကွင်းတွင် ကျင်းပပြုလုပ်သော ဆွမ်းတော်ကြီးလောင်းပွဲသို့ ပြည်နယ်ဝန်ကြီးများ၊ အနောက် ပိုင်းတိုင်း တိုင်းမှူးနှင့် အစိုးရဌာနဆိုင်ရာများမှ အကြီးအကဲများနှင့် ၀န်ထမ်းများအပါအဝင် စစ်တွေမြို့နေ ပြည်သူလူထု သောင်းချီ၍ လာရောက်လောင်းလှူခဲ့ကြသည်။

ဆွမ်းတော်ကြီးလောင်းလှူပွဲတွင် ကျားရုပ်ကျောင်းဆရာတော်ကြီး အပါအဝင် ဂုဏ်ထူးဆောင် ဆရာတော် ၂၁ ပါး အပါအဝင် စစ်တွေမြို့ရှိ် ကျောင်း ၂၀၄ ကျောင်းမှ ၀ါဆိုသင်္ဃာတော် ၅၃၀ ပါးနှင့် သီလရှင် ၁၀၀ ခန့်ကလည်း ၀င်္ကဘာကွင်းကို တစ်ပတ် ပတ်ကာ အလှူများကို လက်ခံခဲ့ကြသည်။

“ဆရာလေး ဘွဲ့နာမည်က တေဇသဂဖြစ်ပါတယ်။ သုဓမ္မပရိယတ္တိ စာသင်တိုက်ကပါ။ ဒီလို ဆွမ်းတော်ကြီး လောင်းပွဲကို လာရောက်တာ ၄- ၅ နှစ်လောက်ရှိပါပြီ။ ဒီနှစ်မှာတော့ ပိုစည်ကားတယ်လို့ ပြောချင်ပါတယ်”ဟု သီလရှင်တပါးက ပြောသည်။

၀င်္ကဘာကွင်း ဆွမ်းတော်ကြီးလောင်းပွဲသို့ လာရောက်လောင်းလှူသူ မြို့သူကြီးရပ်ကွက်နေ ဒေါ်ကြာညိုဦး အသက် ၈၂ နှစ်သည်လည်း ဆွန်းတော်ကြီးလောင်းပွဲသို့ နှစ်စဉ်နှစ်တိုင်း လာရောက် လောင်းလှူသည်ဟု ပြောသည်။

ဆွမ်းတော်ကြီး လောင်းပွဲသို့ အဖွဲ့လိုက် လာရောက် လောင်းလှူသူ မာရမာကြီး အမျိုးသမီး မမီမီသန်းကလည်း နှစ်စဉ်နှစ်တိုင်း အဖွဲ့လိုက် လာရောက် လောင်းလှူကြသည်ဟု ပြောသည်။

“ကျွန်မက မာရမာကြီးလူမျိုးဖြစ်ပါတယ်။ အဖွဲ့လိုက်လာကြတာပါ။ နှစ်စဉ်နှစ်တိုင်း လာရောက်လှူဒါန်း ပါတယ်ရှင့်” ဟု ဆိုသည်။

ကျောင်းသူ ကျောင်းသားများလည်း သူငယ်ချင်းများနှင့် စုပြီး လာရောက်ကြပြီး ယခုကဲ့သို့ စုပေါင်း ဆွမ်းတော်လောင်းလှူရသဖြင့် အထူးဝမ်းသာပီတိဖြစ်ရသည်ဟု ပြောသည်။

“ကျွန်မနာမည်က မြတ်အိမွန်ပါ။ အသက် ၁၁ နှစ်ရှိပါပြီ၊ ကျောင်းတက်လမ်းကျောင်းမှာ ကျောင်းတက် နေတာပါ။ ၆ တန်းမှာ သင်နေတာပါ။ ကျွန်မနဲ့အတူ ၅ တန်းကျောင်းသူ အေးငြိမ်စံ၊ ၄ တန်းကျောင်းသူ မေသူကျော်နဲ့ နောက်သူငယ် ၃ ယောက်နဲ့ အတူလာကြတာပါ။ ယခုနှစ်ဆိုရင် ဆွမ်းတော်ကြီး လောင်းပွဲကို လာရောက်တာ ၂ နှစ်ရှိကြပါပြီ။ အရမ်းပျော်ရွှင်ပါတယ်”ဟု ပြောသည်။

၈ ရက်နေ့တွင်ပြုလုပ်သော ပြည်နယ်အဆင့် ဆွမ်းတော်ကြီးလောင်းပွဲအပြင် အောက်တိုဘာလ ရ ရက်နေ့က မိဇံရပ်ကွက်တွင် ရပ်ကွက်အဆင့် ဆွမ်းတော်ကြီးလောင်းပွဲကိုပြုလုပ်ခဲ့ပြီး နောက်ရက်များတွင် ဦးရဲကျော် သူကျောင်းနှင့် ကျောင်းကြီးလမ်းရပ်ကွက်များတွင်လည်း ရပ်ကွက်အဆင့် ဆွမ်းတော်ကြီး လောင်းပွဲများကို ပြုလုပ်သွားမည်ဟု သိရသည်။

၀ါကျွတ်လပွဲတော်တိုင်းတွင် စစ်တွေမြို့ဝင်္ကဘာကွင်း၌ အစဉ်အလာမပျက် ဆွမ်းတော်ကြီး လောင်းလှူပွဲကို ပြုလုပ်လာသည်မှာ ကြာမြင့်ပြီဖြစ်ကြောင်း၊ ယခုနှစ်တွင် နေ့ခင်းပွဲစဉ်များအဖြစ် ချောတိုင်တက်ပွဲ၊ အထုပ် သတ်ပွဲနှင့် ကျင်ပွဲများကိုပါ ကျင်းပ ပြုလုပ်သွားကြမည် ဖြစ်သည်။

Most read this week