အသက် ၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ

အသက် ၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ဇီးကုန်းကျေးရွာအုပ်စု ဇီးကုန်းကျေးရွာတွင် အသက် ၉ နှစ် အရွယ် တတိယတန်း ကျောင်းသူ ကလေးငယ် တစ်ဦးအား အသက် ၆၁ နှစ်အရွယ် လူကြီး တစ်ဦးက သားမယား ပြုကျင့်ခဲ့သည်ဟု သတင်း ရရှိသည်။

သံတွဲမြို့နယ် မြို့မ ရဲစခန်းမြောက်ဘက် ၄ မိုင်ခန့်အကွာတွင် တည်ရှိသော ဇီးကုန်းကျေးရွာနေ ဒေါ် (+++) ၏ သမီးဖြစ်သူ အသက် ၉ နှစ်အရွယ် တတိယတန်းကျောင်းသူ (+++) ကို တစ်ရွာတည်းနေ ဖြူကြီးခေါ် (ငဖြူကြီး) အသက် ၆၁ နှစ် (ဘ) ဦးဘစိန်မှ သားမယားအဖြစ် ပြုကျင့်ခဲ့သည်ဟု မိန်းကလေးငယ်၏ ဆွေမျိုးတစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ ယခုလ ၄ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် အပြုကျင့်ခံရသူသည် နေအိမ်လမ်းပေါ်ရှိ  ရေတွင်းတွင် ရေခပ်နေစဉ် ဖြူကြီးခေါ် (ငဖြူကြီး) ရောက်ရှိလာပြီး မီးခြစ်ယူပေးရန်ပြောသဖြင့် နေအိမ်မှ မီးခြစ်အား ယူပေးခဲ့သည်။ မီးခြစ်အား ပြန်ထားအပြီး ဖြူကြီးမှ ပိုက်ဆံ ၁၀၀၀ ပေးမည်  ငါနဲ့လိုက်ခဲ့ပါဟု သွေးဆောင် ခေါ်ဆောင်သွားပြီး ရွာထိပ်ရှိ လူမနေသည့် အိမ်ဟောင်းတစ်လုံး နောက်ဘက် ခြံုတောတွင် တွန်းလှဲကာ သားမယားအဖြစ် ပြုကျင့်ခဲ့ဟု ဆိုသည်။

ထိုသို့ ပြုကျင့်ခံရပြီးနောက် အောက်တိုဘာလ ၅ ရက် နံနက် ၉ နာရီအချိန်တွင် သားမယား ပြုကျင့်ခံရသူ၏ အဖွား ဒေါ်မကြည်ရွှေမှ သံတွဲရဲစခန်းတွင် သွားရောက်အမှုဖွင့်ခဲ့သည်။

သံတွဲမြို့မရဲစခန်းမှ (ပ) ၁၀၆/၂၀၁၄ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့်ကာ ဒုရဲမှူးကျော်ညွန့် (စခမ) မှ လက်ခံ စစ်ဆေးနေသည်ဟု ရဲစခန်းမှ အတည်ပြု ပြောကြားသည်။

အဆိုပါပြစ်မှုအတွက် တရားခံဖြူကြီးခေါ် (ငဖြူကြီး) အား ဖမ်းဆီး၍ ဥပဒေအရ အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

Most read this week