UNDP မှ အုန်းရည်ပေါ်ကျေးရွာ စီမံကိန်းများကို သွားရောက် စစ်ဆေး

UNDP မှ အုန်းရည်ပေါ်ကျေးရွာ စီမံကိန်းများကို သွားရောက် စစ်ဆေး
by -
နိရဥ္စရာ

UNDP မှ ရခိုင်ပြည်နယ် စစ်တွေရုံးတာဝန်ခံ Mrs Simonetta Rossi ဦးဆောင်သော အဖွဲ့တစ်ဖွဲ့သည် ရခိုင်ပြည်နယ် စစ်တွေမြိ်ု့နယ် အုန်းရည်ပေါ်ကျေးရွာရှိ UNDP လုပ်ငန်းဆောင်ရွက်ထားမှု အခြေအနေကို ယခုလ ၄ ရက်နေ့က သွားရောက်လေ့လာခဲ့ကြသည်။

ယင်းလေ့လာရေးခရီးစဉ်တွင် Mrs Simonetta Rossi နှင့် UNDP ၀န်းထမ်းများ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးသာလူချေ၊ စစ်တွေမြို့ ရပ်မိရပ်ဖက်မှ ဆရာ ဦးသန်းထွန်း၊ အစိုးရဝန် ထမ်းတစ်ချို့၊ အရပ်ဘက်အဖွဲ့အစည်း၊ ရခိုင်အမျိုးသမီး သာရေးနာရေးအဖွဲ့ နှင့် သတင်း သမားများလိုက်ပါ ခဲ့ကြသည်။

U-Thar-Lu-Shay

ယင်းအုန်းရည်ပေါ်ကျေးရွာတွင် ၈၇-အိမ်၊ လူဦးရေ ၃၉၈-ယောက်ရှိပြီး ရေလုပ်ငန်းကို ၈၀ ရာခိုင်နှုန်း လုပ်ကိုင်ပြီး လုပ်ကိုင်စားသောက်ကြသည်ဟု သိရသည်။

အုန်းရည်ပေါ်ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် UNDP မှ တစ်အိမ်ထောင်ကို အမေရိကန်ဒေါ်လာ ၂၅၀ ထုတ်ပေးထားပြီး သက်ဆိုင်ရာမိသားစု၏ ကြိုက်နှစ်သက်ရာလုပ်ငန်းကို အကောင်အထည်ဖေါ် လုပ်ကိုင် ဆောင်ရွက်နိုင်သည်ဟု သိရသည်။

UNDP မှ အုန်းရည်ပေါ်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူထောင်ပေးထားသော  အဓိက လုပ်ငန်းမှာ ငါးပိကြိတ်စက် တစ်လုံး၊ စပါးဘဏ်တစ်ခု၊ မှိုစိုက်ပျိုးရေးလုပ်ငန်းနှင့် အခြားကြက်၊ ၀က်၊ ဘဲ၊ ပိုက်တို့ဖြစ်ပြီး ယင်းလုပ်ငန်းများ အတွက် ကျပ်ငွေ စုစုပေါင်း ၄၂၉၈၂၇၉၀ ထောက်ပံ့ ပေးထားကြောင်း သိရသည်။

“ကျွန်မတစ်နေ့ကို ၃၀၀၀-ကျပ်ခန့် အမြတ်ရပါတယ်။ သားသမီး ၃ ယောက် ရှိပါယ်။ မုဆိုးမပါ၊ စစ်ဝတ်နေရေးကတော့ အဆင်ပြေပါတယ်”ဟု UNDP မှ ထောက်ပံ့ငွေနှင့် လဘက်ရည်ဆိုင် ဖွင့်ထားသော အမျိုးသမီးတစ်ဦးက ပြောသည်။

အုန်းရည်ပေါ်ကျေးရွာ ဆက်သွယ်ရေးကောင်းမွန်ရေးအတွက် ချောင်းတဘက်ကမ်း ရွာအဝင်မှ ကျောက်ခင်းလမ်း တစ်ခုကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ လှူဒါန်းငွေဖြင့် ခင်းပေးထားပြီး၊  ရွားအနီးရှိချောင်းကို UNDP မှ အကူအညီဖြင့် တံတားတစ်ခု ထိုးပေးမည်ဟု သိရသည်။  “ငါးပိစက်ရုံနားက ဆိပ်ခံတံတားလေးတစ်ခု ထိုးပေးမယ်။ တံတားပြီးရင် ဆက်သွယ်သွားလာမှု လွယ်ကူရေးအတွက် အနည်းဆုံး သုံးဘီးတစ်စီး စီစဉ်ပေးပါမယ်”ဟု အုန်းရည်ပေါ် ကျေးရွာ ဖွံ့ဖြိုးလုပ်ငန်း ဖြစ်ပေါ်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သူ စစ်တွေမြို့ ရပ်မိရပ်ဖ ဆရာ ဦးသန်းထွန်းက ပြောသည်။

အုန်းရည်ပေါ် ဖွံ့ဖြိုးရေးစီမံကိန်းတွင် အမျိုးသမီးက ဦးဆောင်ပါ၀င်နေသည်ကို တွေ့ရှိရ၍ အထူးဝမ်းမြောက် မိကြောင်း၊ လုပ်ငန်းစီမံကိန်းအတွက် အကူညီပေးရုံသက်သက် မဟုတ်ပ ဲ ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် စီမံကိန်းဖြစ်ချင်ကြောင်း၊ UNDP အနေဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်စေချင်ကြောင်း၊ ငြိမ်းချမ်းမှုရှိမှ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဟု UNDP စစ်တွေမြို့ရုံးတာဝန်ခံ Mrs Simonetta Rossi ကပြောသည်။

“ရခိုင်ပြည်နယ်ဟာ အခြားဒေသနဲ့စာရင် တိုးတက်မှု နောက်ကျနေပါတယ်။ UNDP နဲ့ လုပ်ကိုင်နေမှု အပိုင်း ကိုကြည့်ရင် အခြေအနေ ကောင်းပါတယ်။ မိမိကျေးရွာတိုးတက်ရေးအတွက် မိမိလုပ်မှ တိုးတက်မည်ဆိုတာကို သဘောပေါက်ထားစေချင်တယ်”ဟု ရခိုင်ပြည်နယ်စစ်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးသာလူချေက ပြောသည်။

“အယင်တုန်းက ပညာရေးခေါင်းပါတယ်။ ကျောင်းတွေကလည်း ပျက်စီးနေခဲ့ပါတယ်။ ဆရာ တစ်ယောက်ရှိ တာလည်း ပြတာထက်ပျက်တာပိုများပါတယ်။ အခုတော့ ကျောင်းလည်း ကောင်းသွားပါပြီ၊ ဆရာဆရာမလည်း ငါးယောက်ရှိပါတယ်။ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေးကောင်းစေချင်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းရင် ကျန်းမာရေးလည်း ကောင်းလာပါမယ်” ဟု အုန်းရည်ပေါ်ကျေးရွာ စပါးဘဏ်ဥက္ကဌ ဒေါ်မခင်ဆန်းက ပြောသည်။

UNDP အနေဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၌ အုန်းရည်ပေါ်ကျေးရွာအပြင် ယင်းအနီးအနား ပတ်ဝန်ကျင် ကျေးရွာများ၌လည်း ဖွ့ံဖြိုးရေးလုပ်ငန်များကို အကောင်အထည်ဖေါ် ဆောင်ရွက် သွားမည်ဟု သိရသည်။ အုန်းရည်ပေါ်ကျေးရွာ ဖွံ့ဖြိုးရေးအတွက် အဓိက ကူညီပေးထားသော ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသံအရာရှိများနှင့် UNDP ကိုယ်စားလှယ်အဖွဲ့သည် ရှေ့တစ်ပတ်၊ နှစ်ပတ်ခန့်တွင် လုပ်ငန်းများကို နောက်ထပ်တစ်ကြိမ် သွားရောက်ကြည့်ရှုမည်ဟုလည်း သိရသည်။

ယင်းကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် UNDP အပြင် အခြား NGO အဖွဲ့တစ်ခုကလည်း ကူညီခဲ့ဖူးကြောင်း သိရသည်။

Most read this week