ပုဏ္ဏားကျွန်းဆေးရုံတွင် မြို့နယ်ဆရာဝန်လစ်လပ်နေ၍ ကျန်းမာရေးဆိုင်ရာအခက်အခဲဖြစ်နေ

ပုဏ္ဏားကျွန်းဆေးရုံတွင် မြို့နယ်ဆရာဝန်လစ်လပ်နေ၍ ကျန်းမာရေးဆိုင်ရာအခက်အခဲဖြစ်နေ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ဆေးရုံတွင် မြို့နယ်ဆရာဝန်မရှိ၍ ဒေသခံအချို့ အသက်သေ ဆုံးမှုရှိနေသည့် အထိ ကျန်းမာရေးပိုင်းဆိုင်ရာအခက်အခဲများဖြစ်ပေါ်နေကြောင်း ပုဏ္ဏားကျွန်း ဒေသခံများက ပြောသည်။

အဆိုပါဆေးရုံတွင် လက်ရှိအချိန်၌ မြို့နယ်ဆရာဝန်မရှိ၍ ဆေးကုသခံလိုသည့် လူနာများမှာ စစ်တွေမြို့သို့ သွားရောက်ကုသနေကြရပြီး ခရီးချိန်ကြန့်ကြာမှုကြောင့် လူနာအချို့ လမ်း ခရီးတွင်ပင် အသက်သေဆုံးသွားသည်အထိ ဖြစ်ပေါ်နေကြောင်း ပုဏ္ဏားကျွန်းမြို့ခံများက ဆိုသည်။

“မြို့နယ်ဆရာဝန်မရှိလို့ နှာစေး၊ ခြောင်းဆိုးကအစ စစ်တွေကိုသွားပြနေရတယ်”ဟု ပုဏ္ဏားကျွန်း မြို့ခံ ဦးစံရွှေကျော်က နိရဥ္စရာသတင်းဌာနသုုိ့ပြောသည်။

၂၅ ကုတင်ဆန့် အဆိုပါဆေးရုံတွင် ယခင်တာဝန်ထမ်းဆောင်ခဲ့သော မြို့နယ်ဆရာဝန်မှာ ယခုနှစ်၊ ဧပြီလမှစတင်ကာ ပင်စင်ယူသွားပြီဖြစ်ပြီး လစ်လပ်သွားသည့် အဆိုပါမြို့နယ်ဆရာဝန်နေရာတွင် တာဝန်ထမ်းဆောင်ရန် မန္တလေးဘက်မှ ဆရာဝန်ကြီးလင်မယား ဇနီးမောင်နှံနှစ်ဦးကို အစိုးရက ညွှန်ကြား ထားပြီးဖြစ်သော်လည်း ထိုဆရာဝန်ကြီးတို့မှာ ယခုအချိန်ထိ ရောက်ရှိလာခြင်း မရှိသေးကြောင်း ပုဏ္ဏား ကျွန်းဒေသခံများ၏ပြောပြချက်အရ သိရသည်။

“အဲဒီဆရာဝန်ကြီးကပြောတယ်တဲ့။ သူ့ကိုအလုပ်ဖြုတ်ရင်လည်းဖြုတ်လိုက်။ ရခိုင်ပြည်နယ်ကို ဆိုရင် မသွားဘူးလို့။ ဒါကြောင့် သူမလာတာ”ဟုဦးစံရွှေကျော်က ပြောပြသည်။

ပြီးခဲ့သည့်စက်တင်ဘာလအတွင်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးမောင်မောင်အုန်း ပုဏ္ဏားကျွန်းမြို့သို့ လာရောက်ခဲ့စဉ်ကလည်း ယခုကဲ့သို့ အခက်အခဲဖြစ်ပေါ်နေသည့်ကိစ္စနှင့်ပတ်သက်ပြီး မြို့မိမြို့ဖများက ပြည်နယ်ဝန်ကြီးချုပ်ထံတင်ပြခဲ့ကြရာ ပုဏ္ဏားကျွန်းမြို့တွင် မြို့နယ်ဆရာဝန် ရရှိရေး အလေးထား ဆောင်ရွက်ပေးမည်ဟု ပြည်နယ်ဝန်ကြီးချုပ်က ကတိပြုပြောဆိုခဲ့ကြောင်း ပုဏ္ဏားကျွန်း ဒေသခံများက ဆိုသည်။

သို့သော် တစ်လကျော်ကြာမြင့်နေပြီဖြစ်သော်လည်း ထူးခြားမှုမရှိသေးကြောင်း ပုဏ္ဏားကျွန်း ဒေသခံများက ဆက်ပြောသည်။

လက်ရှိ ပုဏ္ဏားကျွန်းမြို့ဆေးရုံံတွင် ဆေးကုသမှုခံယူနေသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ လက်ဝဲစာ တိုက်ကျေးရွာမှ ဦးဖိုးသိန်းထွန်းကလည်း “ဆရာဝန်ကြီးမရှိတဲ့အတွက် နည်းနည်းအားမလို အားမရတော့ ဖြစ်တာပေါ့။ ဒါပေမယ့် ဆရာမလေးတွေတော့ စေတနာနဲ့ကောင်းကောင်းမွန်မွန် လုပ်ပေးပါတယ်” ဟု နိရဥ္စရာ သတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားခဲ့သည်။

လစ်လပ်နေသည့်အဆိုပါမြို့နယ်ဆရာဝန်နေရာတွင် တာဝန်ထမ်းဆောင်ရန် မန္တလေးတိုင်းဒေ သကြီး၊ မတ္တရာဘက်မှ ဆရာဝန်ကြီးဇနီးမောင်နှံကို တာဝန်ပေးထားသော်လည်း ရခိုင်ပြည်နယ်တွင် ဆူပူ အကြမ်းဖက်မှုများမကြာခဏဖြစ်ပွားနေသည်ကိုအကြောင်းပြုကာ လာရောက် တာဝန်ထမ်းဆောင် လိုခြင်းမရှိသည်မှာ ဟုတ်မှန်ကြောင်း ရခိုင်ပြည်နယ်၊ ကျန်းမာရေးဦးစီးမှူး ဒေါက်တာအေးငြိမ်းက အတည်ပြုပြောသည်။

ယင်းအပြင်အဆိုပါဆရာဝန်ကြီးဇနီးမောင်နှံမှာ ရခိုင်ပြည်နယ်သို့ လာရောက်တာဝန်ထမ်း ဆောင်လိုခြင်း မရှိသည့်အပြင် အလုပ်မှ နုတ်ထွက်စာပင်တင်ထားကြောင်း ဒေါက်တာအေးငြိမ်းက ဆက်ပြောသည်။

“သူတို့ကိုနုတ်ထွက်ခွင့်ပြုလိုက်ပြီလားဆိုတာ ရုံးချုပ်ကနေ အကြောင်းကြားစာမရောက်သေးလို့ အခုလို ကြန့်ကြာနေတာပါ။ သူတို့ကိုနုတ်ထွက်ခွင့်ပြုလိုက်မှ ပုဏ္ဏားကျွန်းမှာ နောက်ထပ် မြို့နယ်ဆရာ ဝန်တစ်ယောက်ကို ခန့်အပ်ပေးနိုင်မှာလေ”ဟု ယင်းက ဆိုသည်။

အဆိုပါဆေးရုံသည် ပုဏ္ဏားကျွန်းဒေသခံများအပြင် ကျောက်တော်၊ ပေါက်တောနှင့် မြောက်ဦး မြို့နယ်များမှ ဒေသခံလူနာများ လာရောက် ဆေးကုသခံယူတတ်ကြသည့်ဆေးရုံ တစ်ရုံဖြစ်ကြောင်း ပုဏ္ဏားကျွန်းဒေသခံများ၏ပြောပြချက်အရ သိရှိရသည်။

Most read this week