ရခိုင်လူရွှင်တော် “လရောင်” ကွယ်လွန်

ရခိုင်လူရွှင်တော် “လရောင်” ကွယ်လွန်
by -
နိရဥ္စရာ

ရခိုင်အနုပညာလောကတွင် နာမည်ကြီးထင်ရှားသည့် လူရွှင်တော် “လရောင်” ်သည် အောက်တိုဘာလ ၄ ရက်၊ မွန်းလွဲ ၁ နာရီခန့်က ရခိုင်ပြည်နယ်၊ မင်းပြားမြို့၌ ကွယ်လွန်သွားပြီ ဖြစ်ကြောင်း မိသားစုဝင်များက အတည်ပြုပြောသည်။

“သွေးတိုးပြီး ဆုံံးတာလို့ ဆရာဝန်ကြီးက ပြောပါတယ်။ ကွယ်လွန်ချိန်မှာ အသက် (၅၇) နှစ်ပါ”ဟု ယင်း၏မိသားစုဝင်တစ်ဦးက အောက်တိုဘာ ၄ ရက်နေ့၊ ညနေပိုင်းတွင် နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်လုံးဆိုင်ရာ သွေးလှူရှင်များအသင်းရန်ပုံငွေအတွက် ရည်  ရွယ်၍

လရောင်ကိုယ်တိုင် ဦးစီးဖန်တီးထားသည့် “အနီရောင်မေတ္တာ”အမည်ရှိ အငြိမ့်ခွေကို အောက်တိုဘာလ  ၂ ရက်နေ့က ပေါက်တောမြို့မှ မင်းပြားမြို့သို့ လာရောက် ဖြန့်ဖြူးရောင်းချရာတွင် လရောင် ကိုယ်တိုင် မိမိနေထိုင်ရာရွာမှ လိုက်ပါဆောင်ရွက်ခဲ့ကြောင်း မိသားစုဝင်များက ဆိုသည်။

ယင်းနောက် နေအိမ်သို့ပြန်လာပြီး အမောအပန်းဖြေကာ သူကိုယ်တိုင် သရုပ်ဆောင်ထားသည့် အဆိုပါ အငြိမ့်ခွေကို အားပါးတရကြည့်ရှုကာ ပျော်နေခဲ့သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

“ အဲဒီအငြိမ့်ခွေကို ပြီးအောင်ကြည့်ပြီးတော့မှ ရုတ်တရက် သတိမေ့ပြီး ဆေးရုံတင်လိုက်ရတာ။ ဆေးရုံမှာ ၂ ရက် သတိလစ်နေပြီးမှ ဒီနေ့ဆုံးသွားတာ”ဟု လရောင်၏ မိသားစုဝင်တစ်ဦးက ပြောသည်။

လရောင်၏ အမည်ရင်းမှာ ဦးအောင်နန်းစိန်ဖြစ်ပြီး ယင်းကို ၁၉၅၇ ခုနှစ်တွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ခေါင်းလောင်းချောင်းရွာဟောင်း၌ ဦးအောင်ထွန်းကျော်နှင့် ဒေါ်ဝင်းစိန်ဦးတို့မှ မွေး ဖွားခဲ့ကြောင်း သိရသည်။

သူသည် လူရွှင်တော်ပညာကို တစ်ရွာတည်းနေ ဦးဆိုနီထံတွင် ပညာဆည်းပူး သင်ယူခဲ့ပြီး အသက် ၁၇ နှစ်မှစတင်ကာ ရခိုင့််ဇာတ်သဘင်လောကသို့ လူရွှင်တော်အဖြစ်စတင်ဝင်ရောက်ခဲ့ ကြောင်း မိသားစုဝင်များ၏ပြောပြချက်အရ သိရသည်။

လရောင်သည် “ရွှေရတနာ”၊ “ရတနာသန်းအောင်”၊ “စိန်ရွှေရတနာ”နှင့် “တက်နေလင်း” စသည့် ရခိုင့်အဆင့်မြင့်ဇာတ်အဖွဲ့များတွင် လူရွှင်တော်အဖြစ် ရခိုင်ပြည်နယ်ရှိ မြို့များနှင့်ကျေးလက်တောရွာ များသို့ သွားရောက်ကပြသရုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ရခိုင့်လူရွှင်တော်ပညာနှင့်ပတ်သက်လျှင် ရခိုင် ပြည်သူများ၏အားပေးမှုကို အများဆုံးခံနေရသူတစ်ဦးလည်း ဖြစ်သည်။

သူကွယ်လွန်သွားခြင်းနှင့်ပတ်သက်ပြီး သူ၏တပည့်တစ်ဦးဖြစ်သူ ရခိုင်အဆိုတော် ခိုင်မျိုးခန့်က “ရခိုင့်အနုပညာလောကအတွက် ပန်းကောင်းတစ်ပွင့်ကြွေလွင့်သွားသလို ကျွန်တော်တို့ ရင်နဲ့မဆန့် အောင် ခံစားရပါတယ်ဗျာ။ လုံးဝစိတ်မကောင်းပါ။ ဝမ်းနည်းမိပါတယ်”ဟု နိရဥ္စရာသို့ ပြောသည်။

လရောင်သည် ရခိုင့်ဇာတ်သဘင်လောကတွင် လူရွှင်တော်အဖြစ် ကပြသရုပ်ဆောင်ခဲဲ့သည့် အပြင် ကိုယ်တိုင်ရေးသားထားသည့် “အရက်ခွက်ထဲက ရခိုင်သား” အမည်ရှိ သီချင်းခွေတစ်ခွေကို လည်း ထုတ်လုပ်ဖြန့်ဖြူးခဲ့သည်။

ယင်းအပြင် “မမဝမ်းပူ”အမည်ရှိ ဗီဒီယိုဇာတ်လမ်းတစ်ခွေနှင့် ကိုယ်တိုင်ဒါရိုက်တာလုပ်၍ ကိုယ်တိုင်မင်းသား အဖြစ် ပါဝင်သရုပ်ဆောင်ထားသည့် “ပင်လယ်ရီနန့် ဆီးပါမယ်” ဗီဒီယိုဇာတ်လမ်းအပြင်

ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားသည့် “ရွှေသျှိန်ဒိုင်” အငြိိမ့်ခွေတစ်ခွေကိုလည်း ထုတ်လုပ် ဖြန့်ဖြူးခဲ့သည်။

အလားတူ လရောင်မကွယ်လွန်မီ နောက်ဆုံးရိုက်ကူးခဲ့သည့် “ပရလောကထဲက ဘဝဟောင်း ချစ်သူ” အမည်ရှိ ဝိဉာဉ်ဗီဒီယိုဇာတ်လမ်းတစ်ခွေလည်း မကြာမီထွက်ရှိလာဦးမည်ဖြစ်ကြောင်း ကျန်ရစ်သူ မိသားစုက ပြောသည်။

ကွယ်လွန်စဉ်တွင် အသက် ၅၇ နှစ်ရှိပြီဖြစ်သော လရောင်တွင် ဇနီးနှင့်အတူ သားသမီး ၅ ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။

လူရွှင်တော် ဦးလရောင်၏ ရုပ်အလောင်းကို အောက်တိုဘာလ ၅ ရက်နေ့၊ မွန်းလွဲပိုင်းတွင် မင်းပြားမြို့၌ သဂြုႋလ်မည်ဖြစ်သည်။

Most read this week