မောင်တောမှ 7day သတင်းထောက်နေအိမ် ဖောက်ထွင်းခံရ

မောင်တောမှ 7day သတင်းထောက်နေအိမ် ဖောက်ထွင်းခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မောင်တောမြို့ခံ 7day နေ့စဉ်သတင်းစာ၏ နယ်သတင်းထောက်နေအိမ်ဖောက်ထွင်းခံရ၍ ကျပ်သိန်းရာနှင့်ချီပြီး လက်ဝတ်ရတနာများ အခိုးခံခဲ့ရသည်ဟု သိရသည်။

မောင်တောမြို့၊ မြို့မမြောက်ရပ်ကွက်၊ မြို့ဦးရွာနေ 7day သတင်းစာ နယ်သတင်းထောက် တစ်ဦးဖြစ်သူ ဦးကိုလတ်ထွန်း (ခေါ်) မောင်ကံ၏ နေအိမ်အား အောက်တိုဘာ ၁ ရက်နေ့ ညဉ့်က ဖောက်ထွင်းသွားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ဖောက်ထွင်းခံခဲ့ရသည့်အတွက် ငွေစက္ကူအချို့အပါအဝင် ၆ ပဲ ကွက်စုံလက်ကောက် ၁၈ ကွင်း၊ ၂ ကျပ််သား ဆွဲကြိုး ၁ ကုံး၊ ၁ ကျပ်သား ဆွဲကြိုး ၁ ကုံး၊ ၄ ပဲရွှေ ကျောက်ဖြူဆွဲခွက် ၁ ခု၊ ၂ ကျပ်သား အချော လက်ကောက် ၁ ကွင်း၊ ၂ ပဲ ကျောက်လက်စွပ် ၁ ကွင်း၊၂ ပဲ ကျောက်လက်စွပ် ၁ ကွင်း၊ ၂ ပဲ အချော လက်စွပ် ၁ ကွင်း၊ ၁ဝ ပဲ အချောလက်စွပ် ၁ဝ ကွင်း၊ ၁ ပဲ အချောလက်စွပ် ရ ကွင်း၊ ၈ ပဲ ကျောက်စီ လက်စွပ် ၁ ကွင်းတို့အပြင် SAMSUNG တံဆိပ် ကင်မရာအဖြူ ၁ လုံးနှင့် HAUWAI တံဆိပ် ဖုန်းအမဲ ရောင် ၁ လုံးတို့ ခိုးယူခံခဲ့ရပြီး စုစုပေါင်း ကျပ်သိန်းတစ်ရာကျော်ဖိုးဆုံးရှုံးသွားကြောင်း ခိုးယူခံခဲ့ရသည့် ကာယကံရှင်မိသားစုက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

“ငွေရော၊ ပစ္စည်းအထုပ်ကိုရော ခေါင်းရင်းမှာထားပြီး အိပ်တာ။ မနက်မှ အခိုးခံရတာသိတယ်” ဟု ဦးကိုလတ်ထွန်းက ဆိုသည်။

ယခုကိစ္စကို မောင်တောမြို့မရဲစခန်းက (ပ) ၁၂၄/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၈ဝ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူကို စုံစမ်းနေကြောင်း မောင်တောမြို့မရဲစန်းမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောသည်။

Most read this week