စားကျက်မြေပြန်လည်ရရှိရေး တောင်သူ၁၀၀ နီးပါး ပုဏ္ဏားကျွန်းမြို့တွင် ဆန္ဒပြတောင်းဆို

စားကျက်မြေပြန်လည်ရရှိရေး တောင်သူ၁၀၀ နီးပါး ပုဏ္ဏားကျွန်းမြို့တွင် ဆန္ဒပြတောင်းဆို
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျွဲထိုးကျေးရွာရှိ ကျူးကျော် ထွန်ယက်စိုက်ပျိုးထားသည့် ကျေးရွာပိ်ုင်စားကျက်မြေ ပြန်လည်ရရှိရေး အတွက် ကျွဲဲထိုးကျေးရွာမှ တောင်သူ ၁၀၀ နီးပါးခန့်သည် အောက်တိုဘာလ ၂ ရက်နေ့ ပုဏ္ဏားကျွန်းမြို့ပေါ်သို့ ချီတက်ကာ  ဆန္ဒဖေါ်ထုတ် တစ်ခုကို ပြုလုပ်ခဲ့့ကြသည်။

ဆန္ဒဖေါ်ထုတ်ပွဲအား  မွန်းလွဲ ၁၂ နာရီခွဲမှ စတင်ခဲ့ပြီး ပုဏ္ဏားကျွန်းမြို့ရှိ သင်္ဘောဆိပ်ကမ်းမှ တဆင့် လောကမာရဇိန်ဘုရားကြီးလမ်းနှင့် မဟာပညာကျော်လမ်းများသို့ ချီတက်ကာ  မြို့နယ်တရားရုံး အနီးတွင်  ငြိမ်းချမ်းစွာဆန္ဒဖေါ်ထုတ်ခဲ့ကြသည်။

Famer-protest-in-Arakan-2

ယင်းနေ့ကပြုလုပ်ခဲ့သည့်ဆန္ဒပြပွဲတွင် ကျွဲ၊ နွား စားကျက်မြေများ အမှန်အတိုင်းရရှိ ချန်လှပ်ထားရှိရေး၊ စားကျက်မြေများ မတရားကျူးကျော်ထွန်ယက်ထားသူများအား တရားစွဲဆိုထားရှိ မှု အမြန်ဆုံး စီရင် ဆုံးဖြတ်အရေးယူဆောင်ရွက်ရေး၊ ကျွဲ၊ နွား စားကျက်မြေသွားလမ်းများ ပိတ်ဆို့ကျူးကျော် ထွန်ယက် ထားသူများအား ဖယ်ရှားအရေးယူဆောင်ရွက်ပေးရေး၊ စားကျက်ကျူးကျော်သူများ အားထိရောက်စွာ အရေးယူဆောင်ရွက်ရေး၊ နိုင်ငံပိုင်ပြည်သူပိုင် စားကျက်မြေများအား ငွေကြေးရယူ ရောင်းစား သူများအား ဖော်ထုတ်အရေးယူဆောင်ရွက်ရေး၊ ပြည်သူများ ဆန္ဒပြည့်ဝအောင် ကူညီဆောင်ရွက် ပေးသူများ ကျန်းမာပါစေ တိုးတက်ပါစေ၊ မတရားနှောင့်ယှက် အားပေးသူများ ကျဆုံးပါစေ စသည့် အချက်များကို ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြရခြင်းနှင့်ပတ်သက်ပြီး ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သူ ကျွဲထိုးကျေးရွာမှ ဒေသခံတောင် သူ ဦးစံအောင်ကျော်က “ အခုလို ဒီစားကျက်မြေကိုကျူးကျော်လာကြလို့ ကျွန်တော်တို့ရဲ့ ကျွဲ၊ နွားတွေ အတွက် စားကျက်မြေမရှိတော့ဘဲ ၂ဝဝ၃ ခုနှစ်ကတည်းက ကျွန်တော်တို့ရွာသားတွေ အခက်အခဲ တွေဖြစ်ပြီး ဒုက္ခခံနေခဲ့ကြရပါတယ်။ ဒီစားကျက်မြေတွေကို ပြန်မရမချင်း

ကျွန်တော်တို့ တောင်းဆိုမှာပဲ”ဟု နိရဥ္စရာသတင်းဌာနသို့ပြောသည်။

မြေဧက ( ၁၆၃) ကျယ်ဝန်းသော ကျွဲထိုးကျေးရွာရှိ စားကျက်မြေပေါ်တွင် ကျူးကျော် ထွန်ယက် စိုက်ပျိုးထားသူများမှာ ကျွဲထိုးကျေးရွာမှ ဒေသခံတောင်သူ ၉ ဦး အပါအဝင် တန်ခိုးကျေးရွာမှ တောင်သူ ၉ ဦးနှင့် အောင်ဒူလာကျေးရွာမှ တောင်သူ ၅ ဦး၊ စုစုပေါင်း ၂၃ ဦးတို့ဖြစ်ကြကြောင်း ဆန္ဒပြတောင်း ဆိုခဲ့သည့်ကျွဲထိုးကျေးရွာမှ တောင်သူများက ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လယ်ယာဝန်ကြီးအပါအဝင် မြို့နယ်/ ခရိုင်/ ပြည်နယ်မြေစာရင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ကကွင်းဆင်းစစ်ဆေးခဲ့ရာ အဆိုပါတောင်သူ ၂၃

ဦးမှာ ယင်းစားကျက်မြေပေါ်တွင်ကျူးကျော်ထွန်ယက်စိုက်ပျိုးသည်မှာ မှန်ကန်ကြောင်းတွေ့ရှိရ သည့်အတွက် ကျူးကျော်စိုက်ပျိုးနေခြင်းကိုရပ်တန့်ပေးရန် အဆိုပါတောင်သူများအား စာထုတ်ကာ တားမြစ်ခဲ့ကြောင်း ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ပြောသည်။

“အကြိမ်ကြိမ်တားပေမယ့် သူတို့ကတော့ ကျူးကျော်မြဲပါပဲ။ ဒါကြောင့်် ဒီနှစ် ၈ လပိုင်း ၁၂ ရက် နေ့မှာ ကျွန်တော်ကိုယ်တိုင်တရားလိုလုပ်ပြီး အဲဒီတောင်သူ ၂၃ ယောက်ကို တရားစွဲဆိုခဲ့ပါတယ်”ဟု ဦးညီညီအောင်က နိရဥ္စရာသတင်းဌာနသို့ ဆန္ဒဖေါ်ထုတ်ပွဲ အပြီးတွင် ပြောဆိုသည်။

စားကျက်မြေမှာ ကျွဲထိုးကျေးရွာပိုင်စားကျက်မြေဟုတ်မှန်သည့်အတွက် ယခုကိစ္စကို တရားဥပဒေ အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဦးညီညီအောင်က ဆက်ပြော သည်။

ယခုတရားစွဲဆိုခံထားရသူများက ယခုစားကျက်မြေကို ၂ဝဝ၃/၂ဝဝ၄ ခုနှစ်မှစတင်ကာ ကျူးကျော် ထွန်ယက် စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ယင်းတို့ကို ယခုနှစ်၊ သြဂုတ်လအတွင်းက တရားစွဲဆိုထားမှု အပါအဝင် ၂ဝဝ၅ ခုနှစ်တွင်တစ်ကြိမ်၊ ၂ဝဝ၇ ခုနှစ်တွင်တစ်ကြိမ်နှင့် ၂ဝ၁ဝ ခုနှစ်တွင်တစ်ကြိမ် စုစုပေါင်းလေးကြိမ်တိတိတရားစွဲဆိုထားပြီးဖြစ်ကြောင်း ကျွဲထိုးကျေးရွာဒေသခံများက ပြောသည်။

“အဲလိုတရားစွဲရင်လည်း ဒဏ်ငွေ ၂ဝဝ ကျပ်၊ ၅ဝဝ ကျပ်တည်းနဲ့ပြီးသွားတော့ အရာမထင်ဘူး။ ထိထိရောက်ရောက် အရေးယူဖို့လိုပါတယ်”ဟု ဆန္ဒပြရာတွင်ပါဝင်သည့် ကျွဲထိုးကျေးရွာမှ ဒေသခံ တောင်သူတစ်ဦးဖြစ်သူ ဦးကျော်ညွန့်က နိရဥ္စရာသတင်းဌာန၏ မေးမြန်းမှုကိုဖြေကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး တရားစွဲဆိုခံထားရသည့်တောင်သူများထံဆက်သွယ်ရန်ကြိုးစားခဲ့ သော်လည်း ဆက်သွယ်မရခဲ့ပါ။

တရားစွဲဆိုခံထားရသူများဘက်မှ အမှုလိုက်ပေးနေသည့်ရှေ့နေ ဦးငြိမ်းချမ်း၏ အဆိုအရ အဆို ပါစားကျက်မြေမှာ ယခင်အင်္ဂလိပ်လက်ထက်ကပင် စားကျက်မြေအဖြစ်သတ်မှတ်ထားခဲသည်မှာ မှန်ကန်သော်လည်း ယင်းစားကျက်မြေမှာ ယခင် စစ်အစိုးရလက်ထက်က တောအုပ်ငယ်တစ်ခုဖြစ်နေ ခဲ့ရာမှ တရားစွဲဆိုခံထားရသူများက ယခုနောက်ပိုင်း ထိုတောအုပ်ကို ထွန်ယက်စိုက်ပျိုးလာခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“ဒီကိစ္စမှာ အဲဒီကျွဲထိုးရွာသားတစ်ချို့ကိုယ်တိုင် အဲဒီစားကျက်မြေကို ရောင်းစားထားတဲ့ စာရွက် စာတမ်းတွေ ကျွန်တော့်ဆီမှာရှိတယ်။ ဒီကိစ္စဖြစ်လာရတာက အဓိကတော့ ပြည်နယ်အစိုးရရဲ့ မူဝါဒပိုင်း ဆိုင်ရာအားနည်းချက်လို့ မြင်တယ်”ဟု ရှေ့နေ ဦးငြိမ်းချမ်းက ပြောသည်။

ယခုဖြစ်ပေါ်နေသည့်ကိစ္စတွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည့်ကျွဲထိုးကျေးရွာဒေသခံများဘက်က မှန်ကန်မှုရှိကြောင်းလည်း ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

ဆန္ဒဖေါ်ထုတ်ပွဲမှာ ယင်းနေ့၊ နေ့လယ် ၁ နာရီ ၁၅ မိနစ်အချိန်  တွင်ပြီးဆုံးသွားခဲ့သည်။

Most read this week