အမေရိကန်မှ ဘင်္ဂလာဒေချ့် ရေတပ် ကွန်မဒိုတပ်ဖွဲ့ကို တိုးတက်ရန် ကူညီပေးမည်

အမေရိကန်မှ ဘင်္ဂလာဒေချ့် ရေတပ် ကွန်မဒိုတပ်ဖွဲ့ကို တိုးတက်ရန် ကူညီပေးမည်
မြန်မာ စစ်အစိုးရမှ မြန်မာ-ဘင်္ဂလာနယ်စပ်တွင် စစ်ရေး တိုးမြှင့် တည်ဆောက် နေချိန်တွင် အမေရိကန် အစိုးရမှ ဘင်္ဂလာ ရေတပ် ကွန်မဒိုတပ်ဖွဲ့ကို ခေတ်မှီ တပ်ဖွဲ့ တခု ဖြစ်လာစေရန် ကူညီပေးသွားမည် ဖြစ်ကြောင်း ထုတ်ဖေါ်ပြောဆို ...

မြန်မာ စစ်အစိုးရမှ မြန်မာ-ဘင်္ဂလာနယ်စပ်တွင် စစ်ရေး တိုးမြှင့် တည်ဆောက် နေချိန်တွင် အမေရိကန် အစိုးရမှ ဘင်္ဂလာ ရေတပ် ကွန်မဒိုတပ်ဖွဲ့ကို ခေတ်မှီ တပ်ဖွဲ့ တခု ဖြစ်လာစေရန် ကူညီပေးသွားမည် ဖြစ်ကြောင်း ထုတ်ဖေါ်ပြောဆိုသည်။

အဆိုပါ ပြောကြားမူကို ဘင်္ဂလာဒေချ့် နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် James Moriarty က စစ်တကောင်း ရေတပ် အခြေစိုက် စခန်းတခုတွင် ပြုလုပ်သော စစ်သင်တန်း ဆင်းပွဲတွင် တနင်္လာနေ့က ထုတ်ဖေါ် ပြောကြားလိုက်သည်။

ယခု ပြောကြားမူမှာ အမေရိကန်နိုင်ငံမှ ဘင်္ဂလာ ပင်လယ် ပြင်တွင် ပူးတွဲ ကင်းလှည့်ရန် ကမ်းလှမ်း အဆိုပြုပြီး နောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အမေရိကန် သံအမတ်က မိမိတို့နိုင်ငံ အနေဖြင့် ဘင်္ဂလာဒေချ့်မှ လက်ရွှေးစင် ရေတပ် ကွန်မဒို တပ်ဖွဲ့အား ဖွံ့ဖြိုး တိုးတက်ရန်နှင့် အကြမ်းဖက်အုပ်စုများ၊ ပင်လယ် ဓါးပြများနှင့် သူ့နိုင်ငံ ပယ်လင်ပြင်ကို ကာကွယ်ရန်အအတွက် နည်းပညာများနှင့် ခေတ်မှီသော တပ်ဖွဲ့ တခု ဖြစ်လာရေးအတွက် ပံ့ပိုး ကူညီသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

လွန်ခဲ့သောနှစ် နို်ဝင်္ဘာ အတွင်းက မြန်မာနှင့် ဘင်္ဂလာဒေချ့် နိုင်ငံအကြား ရေပြင်ပိုင်နက် အငြင်းပွားမူကြောင့် စစ်ရေးအရ ထိပ်တိုက် ရင်ဆိုင်မူ ဖြစ်ပွားပြီးနောက်ပိုင်း အမေရိကန်နှင့် ဘင်္ဂလာဒေချ့် နိုင်ငံအကြား စစ်ရေး ပူးပေါင်းဆောင်ရွက်မူမှာ သိသိသာသာ တိုးပွားလာခဲ့သည်ဟု လေ့လာသူများက ပြောသည်။

အမေရိကန် သံရုံးမှ ထုတ်ပြန်သော ကြေညာချက် တခုတွင်လည်း အင်အားတောင့်တင်းသော ဘင်္ဂလာ ရေတပ် ကွန်မဒိုကို တည်ဆောက်နိုင်မှသာလျှင် ဘင်္ဂလာဒေချ့်နိုင်ငံကို ကာကွယ်နိုင်မည် ဖြစ်ပြီး တခြား တဘက်တွင်လည်း ဒေသအတွင်း တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်မည် ဖြစ်သည်ဟု ဖေါ်ပြသည်။

ဒေသအတွင်းမှ လာသော သတင်းများအရ မြန်မာ စစ်အစိုးရ အနေဖြင့်လည်း တရုတ် အကူအညီကို ယူပြီး ကျောက်ဖြူ သစ်ပုတ်တောင် အခြေစိုက် ဓညဝတီ ရေတပ်စခန်း အပါအဝင် ရခိုင်ကမ်းရိုးတန်း တလျောက်ရှိ ရေတပ်စခန်းများကို ခေတ်မှီအောင် ပြုပြင် မွန်းမံ တည်ဆောက်နေသည်ဟု သိရသည်။ ၎င်းအပြင် မြေပုံမြို့နယ် ကျွန်းသာယာတွင်လည်း တရုတ်နိုင်ငံ အကူအညီများဖြင့် ရေဒါ စခန်းတခု တည်ဆောက် ထားသည်။

ရခိုင်ပင်လယ်ပြင်တွင်လည်း မြန်မာရေတပ် သင်္ဘောများသွားလာမူမှာ တိုးပွားလာပြီး အငြင်းပွားရာ ရေပြင်ပိုင်နက် အနီးတွင် မြန်မာ စစ်သင်္ဘောများ အမြဲလိုလို ကင်းလှည့်နေသည်ဟု မျက်မြင်များက ပြောသည်။

မြန်မာ နအဖ စစ်အစိုးရ အနေဖြင့် ရေတပ်ကို သာမက ကြည်းတပ်ကိုပါ ရခိုင်ဘက်တွင် အင်အားတိုးချဲ့ တည်ဆောက်နေပြီး များမကြာမှီက အမြှောက်တပ်ရင်း တခုကိုပါ ဘူးသီးတောင် သို့ပြောင်းရွှေ့လာခဲ့သည်။ အတည်မပြုရသေးသော သတင်းအရ ကျောက်တော်နှင့် ဘူးသီးတောင်အကြား မော်တော်ကားလမ်းကို ဖေါက်လုပ်နေပြီး လေယဉ်ကွင်း တခုကိုလည်း အဆိုပါ ဒေသအတွင်း တည်ဆောက်ရန် နအဖ စစ်အစိုးရက စီစဉ်နေသည်ဟု သိရသည်။

လွန်ခဲ့သော နှစ်လခန့် ကလည်း တရုတ်နို်င်ငံလုပ် တင့်ကားများ အပါအဝင် လက်နက်ကြီးများကို သင်္ဘောကြီးများဖြင့် ဘူးသီးတောင်သို့ စစ်တွေမှ တဆင့် သယ်ယူလာခဲ့သည်ဟု မျက်မြင်များက ပြောသည်။

မြန်မာ စစ်ခေါင်းဆောင်များ အနေဖြင့် ယခုနှစ် စောစောပိုင်းမှ စတင်ပြီး ဘင်္ဂလာ-မြန်မာနယ်စပ်သို့ လာရောက်လည်ပတ်သည့် ခရီးစဉ်များကို တခုပြီး တခုပြုလုပ်ခဲ့ကြပြီး ရခိုင်ပြည်နယ် စစ်ဆင်ရေး ဗျူရို ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုသည် ဘူးသီးတောင်နှင့် မောင်တောသို့ မကြာခဏ လာရောက်လည်ပတ်မူများ ရှိနေခဲ့ပြီး လွန်ခဲ့သော အပတ်ကလည်း တိုင်းမှူး ဗိုလ်ချုပ်သောင်းအေးနှင့် အတူ ဘူးသီးတောင်နှင့် မောင်တောသို့ ရောက်ရှိခဲ့သည်။

လေ့လာသူများ အဆိုအရ နှစ်ဘက် အိမ်နီးချင်း နိုင်ငံအနေဖြင့် စစ်ရေး တည်ဆောက်မူများကို ယခုနှစ် စောစောပိုင်းက စ၍ သိသိသာသာ ပြုလုပ် လာခဲ့ပြီး ဘင်္ဂလာဒေချ့်သည်လည်း အမေရိကန် နိုင်ငံနှင့် ပူးတွဲပြီး စစ်ရေးလေ့ကျင့်မူများ ပြုလုပ် နေခဲ့သည်ဟု သိရသည်။

ဘင်္ဂလာဒေချ့်နှင့် မြန်မာနိုင်ငံအကြားတွင် မပြေလည်သေးသော ပြဿနာများ ရှိနေသေးပြီး ထိုအထဲတွင် ရေပြင်ပိုင်နက် အငြင်းပွားမူနှင့် မြန်မာနိုင်ငံမှ ထွက်ပြေး ရောက်ရှိနေသော မူဆလင် ဒုက္ခသည်ပြဿနာများ ဖြစ်သည်။ ထိုပြဿနာများကြောင့်ပင် ဘင်္ဂလာနှင့် မြန်မာ ဆက်ဆံရေးမှာ အနာဂတ်တွင် ပိုပြီး မတည်မငြိမ် ဖြစ်နိုင်သည်ဟု လေ့လာသူများက ပြောသည်။

မြန်မာနှင့် ဘင်္ဂလာဒေချ့် နိုင်ငံအကြားတွင် ဆက်ဆံရေး ကောင်းမွန်ရေးအတွက် နှစ်ဘက် ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမူများ ရှိနေသော်လည်း တခြားတဘက်တွင် စစ်ရေး အပြိုင် တည်ဆောက်နေမူများ ရှိနေသဖြင့် လက်ရှိ ဘင်္ဂလာ-မြန်မာ ဆက်ဆံရေး အပေါ် လေ့လာသူများက အထူးအာရုံပြု စောင့်ကြည့်နေကြသည်ဟု သိရသည်။
 

Most read this week