အစိုးရနှင့် NCCT သဘောတူညီမှု မရသေးသောအချက်များ ပြန်လည်ဆွေးနွေး

အစိုးရနှင့် NCCT သဘောတူညီမှု မရသေးသောအချက်များ ပြန်လည်ဆွေးနွေး
by -
ကေအဲန်ဂျီ

အစိုးရနှင့် သဘောတူညီမှု မရသေးသော အချက်များကို ပြန်လည် သုံးသပ်ရန်အတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အောက်တိုဘာလ ၄ ရက်က စတင်ဆွေးနွေးနေသည်ဟု NCCT ခေါင်းဆောင် နိုင်ဟံသာ က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ မှ ၂၆  ရက်နေ့အထိ ရန်ကုန်မြို့ရှိ Myanmar Peace Center(MPC)တွင် ဆဥ္စမအကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် NCCT တို့ တွေ့ဆုံဆွေးနွေးမှုတွင် သဘောတူညီမှုမရသေးသည့်အချက်များကို ပြန်လည် သုံးသပ်ခဲ့ခြင်း ဖြစ်သည်။

“ပြည်ထောင်စု တပ်မတော် တည်ဆောက်ရေးကိုလာမဲ့နိုင်ငံရေး ဆွေးနွေးပွဲမှာ ဆွေးနွေးသွားမယ်ဆိုတဲ့ဟာ ကအခြေခံ အချက်အနေနဲ့ အရင်ကသဘောတူထားပြီးသားဖြစ်တယ်။ ဒါပေမဲ့အရင်တပတ်ကြတော့ အစိုးရဘက် က လက်မခံဘူး။ လက်ရှိတပ်မတော်မှာ တိုင်းရင်းသားမျိုးစုံပါဝင်ပြီးသားဖြစ်တယ်။ ဒါဟာပြည်ထောင်စု တပ်မတော် ဖြစ်တယ် ဆိုပြီးတော့ပြောထားပြန်ရော။ အန်ကယ်တို့ဘက်က အဆိုပြုတဲ့တပ်မတော်ကို ပြည်ထောင်စု တပ်မတော် အသွင်ဆောင်ဖို့အဲဒါကို ပြုပြင်တည်ဆောက်ဖို့ ဆိုတာကို သူတို့က ငြင်းပယ်ချင်တဲ့ သဘောပါတယ်။ အဲဒီကိစ္စကိုနည်းလမ်းရှာတယ်” ဟု နိုင်ဟံသာ က သတင်းထောက်များကို ပြောကြားခဲ့သည်။

အစိုးရဘက်မှ နိုင်ငံရေး ဆွေးနွေးပွဲတွင် အသွင်တစ်မျိုးပြောင်းလဲလာသလို၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြေလည် မှုကို ဦးတည်သည့် အနေအထား မရှိကြောင်း သုံးသပ်ကာ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းအတွင်း အစိုးရ၏ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေမှုကိုလည်း သုံးသပ်ခဲ့သည်ဟု သူက ပြောသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်မှ ယနေ့ထိကရင်အမျိုးသားအစည်းအရုံး (KNU)၊ ငြိမ်းချမ်းရေးကောင်စီ (KNU-PC)၊ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် (DKBA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တပ်မဟာ ၄ နယ်မြေဘက်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့တွင် စစ်ရေးအရ တိုက်ခိုက်လာမှုအပေါ် အစိုးရဘက်မှ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးရန်အတွက် လုပ်ဆောင်သည့် ပုံစံမျိုးမရှိကြောင်း နိုင်ဟံသာ က ပြောသည်။

“အခြေအနေ အားလုံးက ဆက်စပ်နေတယ်။ ဒါတွေက သူ့ဟာနဲ့သူ အလိုလို ဖြစ်လာတာ မဟုတ်ဘူး။ ကာကွယ်ရေး ဦးစီးချုပ်ကလည်း အပြောက ပြင်းထန်လာတယ်။ နောက် ဆွေးနွေးပွဲမှာလည်း နားလည်မှု ရနိုင်တဲ့အနေအထားမျိုးနဲ့ ဆွေးနွေးတဲ့ ပုံစံနည်းလာတယ်။ သူတို့ကြိုက်တဲ့ ပုံစံမျိုးဘဲ သွင်းတယ်။ စစ်ရေးက လည်း ပိုဖြစ်လာတဲ့ဟာကို ခြံုငုံကြည့်ရင် ဆွေးနွေးပွဲ အခြေအနေက သိပ်မကောင်းဘူး။ သဘောက ပျက်ဆီးနိုင်တယ်။ ဒါမှ မဟုတ် သူတို့လိုချင်တဲ့ ပုံစံမျိုးတွန်းယူတာပေါ့။ မရရင် အပေါ်စည်းကနေ ယူမယ်။ ရရင်ရ မရရင် ပျက်ပါစေဆိုတဲ့ပုံစံမျိုးပေါ့” ဟု သူက ပြောသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကို တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှု အပေါ် အခွင့်ကောင်းယူ၍ အင်အားတိုးချဲ့ကြောင်း၊ ထိုးဖောက်ဝင်ရောက်ခဲ့သည်ဟု ကာကွယ်စစ်ဦးစီးချုပ် ဝေဖန်မှုများရှိခဲ့သည်ဟု သူက ဆိုသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရန် သဘောတူညီမှု မရသေးသော အချက်များမှာ အပစ်အခတ် ရပ်စဲရေးတွင် နှစ်ဖက် တပ်ပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ အပစ်အခတ် ရပ်စဲပြီးနောက် နိုင်ငံရေး ဆွေးနွေးမှု မတိုင်မီ ကြားကာလအတွင်း တပ်နေရာချထားရန်၊ ပစ်ခတ်မှုများ မဖြစ်ပွားစေရန် နှစ်ဖက် ပူးတွဲ စောင့်ကြည့်ရေး ကော်မတီများ ဖွဲ့စည်းရန်၊ တိုင်းရင်းသား လက်နက်ကိုင်များ တပ်သားသစ် မစုဆောင်းရန်၊ အပစ်အခတ် ရပ်စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးမည့် ပုဂ္ဂိုလ်များ ရွေးချယ်ရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ရမည့် အစုအဖွဲ့များ ဆက်လက် ဆွေးနွေးရန် ကျန်နေခြင်း ဖြစ်သည်။

ထို့ပြင် တပ်ပိုင်းဆိုင်ရာကိစ္စကို နိုင်ငံရေးဆွေးနွေးမှုတွင် ခေါင်းစဉ်တခုအနေဖြင့် ဆွေးနွေးရန် တိုင်းရင်းသားများဘက်မှ အဆိုပြုချက်ကိုလည်း အစိုးရဘက်မှ လက်မခံဘဲ နိုင်ငံရေးဆွေးနွေးမှု မပြုလုပ်မီ ဆွေးနွေး၍ အစိုးရနှင့် ပေါင်းစည်းထားရှိရန် သက်ရောက်နေသဖြင့် သဘောတူညီမှုမရခဲ့သလို၊ NCCT က နိုင်ငံရေးဆွေးနွေးမှုတွင် သုံးပွင့်ဆိုင် ဆွေးနွေးရန် အဆိုပြုချက်ကိုလည်း အစိုးရက ငါးပွင့်ဆိုင် တွေ့ဆုံရန် ပြောဆိုခဲ့မှုကိုလည်း သဘောတူညီမှု မရခဲ့ကြပေ။

နိုင်ငံရေး ဆွေးနွေးသည့် ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား စစ်အင်အား မတိုးချဲ့ရန်၊ တပ်သားသစ် မစုဆောင်းရန် ပြောဆိုမှုသည်လည်း လက်မခံနိုင်ဘဲ တဖက်သတ် ချမှတ်ထားခြင်းသာဖြစ်၍ သဘောတူညီမှု မရခဲ့ကြကြောင်း သိရသည်။

NCCT က နိုင်ငံရေးဆွေးနွေးမှု ညီလာခံကြီးမှ ရရှိသောဆုံးဖြတ်ချက်များကို လွှတ်တော်သို့ တင်ပြ၍ အတည်ပြု ချက်ယူရန် တင်ပြခဲ့သည်ကိုလည်း “နိုင်ငံရေးပြဿနာကို ဖြေရှင်းတဲ့နေရာမှာ လွှတ်တော်ပြင်ပမှာ ဖြစ်ရမယ်။ လွတ်တော်ပြင်ပမှာ ဆုံးဖြတ်တဲ့ဟာကို လွတ်တော်ကို လေးစားတဲ့အနေနဲ့ လွှတ်တော်ကို တင်ပြတာပါ။ လွှတ်တော်က ပြန်စိစစ်မယ်ဆိုတာက လွှတ်တော်ကနေ ပြန်လည် ချုပ်ကိုင်မယ်ဆိုတဲ့ ပုံစံမျိုး သက်ရောက်သွားတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် တွေ့ဆုံ ဆွေးနွေးမှုတွင်လည်း တပ်မတော် ကိုယ်စားလှယ်များက NCCT ၏ အဆိုတင်သွင်းမှုကို ပြန်လည် ညှိနှိုင်းမှု မရှိဘဲ အထက်ကို တင်ပြရန်သာ ပြောဆိုခြင်းသည်လည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအပေါ် တပ်မတော်၏ လုပ်ဆောင်ချက်များကို ပြန်လည် စဉ်းစားစရာ ဖြစ်နေသည်ဟု နိုင်ဟံသာ က ပြောဆိုခဲ့သည်။

“အခြေအနေက မကောင်းဘူး။ ဒါက ဖြစ်ရိုးဖြစ်စဉ်ဘဲလား။ ဒါမှမဟုတ် တမင်တကာဖြစ်လာတာလားဆိုတာ အများကြီး စဉ်းစားဖို့ လိုတယ်။ တိုက်ပွဲက ပိုဖြစ်လာတယ်။ ဒါတွေတစ်စုံလုံး ကြည့်လိုက်ရင် တပ်ဘက်က အပစ်အခတ် ရပ်စဲရေး အပေါ်မှာ သူတို့ဘက်က အပေါ်စီးရမှ လက်ခံမယ်ဆိုတဲ့ ပုံစံမျိုးဦးတည်နေသလား၊ စဉ်းစား စရာဖြစ်လာတယ်” ဟု သူက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလက အပစ်အခတ် ရပ်စဲရေး နှစ်ဖက် တွေ့ဆုံဆွေးနွေးမှုတွင် တစ်စုံတရာ သဘောတူညီမှု မရရှိဘဲ ထပ်မံ တွေ့ဆုံဆွေးနွေးရန်သာ သဘောတူခဲ့သည်။

NCCT အဖွဲ့ဝင်များ၏ ဆွေးနွေးမှုတွင် ချင်းအမျိုးသားတပ်ဦး (CNF)၊ ကိုးကန့်အဖွဲ့၊ ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်ဦးနှင့် ALP တို့မှ ကိုယ်စားလှယ်များ မတက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

Most read this week