အသက်မပြည့် မိန်းကလေးအား အဓမ္မပြုကျင့်ခဲ့သူ တပ်မတော်သားအမှု ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေး

အသက်မပြည့် မိန်းကလေးအား အဓမ္မပြုကျင့်ခဲ့သူ တပ်မတော်သားအမှု ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေး
by -
ကေအဲန်ဂျီ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ်ဂွတ်ကျေးရွာမှ အသက်မပြည့်သေးသော မိန်းကလေးငယ် တစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် တရားစွဲခံထားသော အစိုးရ၏ တပ်မတော်မှ ရဲဘော် ကောင်းဘိုဘို အမှု တရားခံ သက်သေနှစ်ဦးကို အောက်တိုဘာလ ၂ ရက်က မူဆယ်ခရိုင်တရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ သည်။

တရားခံ ရဲဘော် ကောင်းဘိုဘို၏ သက်သေများအဖြစ် ကွတ်ခိုင်မြို့နယ် ဆရာဝန် ဒေါက်တာဝင့်ဝင့်မြိုင်နှင့် သူ သည်းခိုခဲ့သော အိမ်ရှင်တို့ကို စစ်ဆေးမေးမြန်းခဲ့သည်ဟု တရားလိုဘက်မှ အကျိုးဆောင်ရှေ့နေ ဒေါ်ရွယ်ဂျား က ပြောသည်။

“ဆရာဝန်က သူစစ်ဆေးတွေ့ရှိချက်တွေကို ထွက်ဆိုတယ်။ ကလေးရဲ့ သက်သေခံ ဘောင်းဘီ အတွင်းခံ ပစ္စည်းတွေကို သူဆေးရုံမှာဘဲ စစ်တာ မဟုတ်ဘူး။ ဓါတုဗေဒရုံးမှာ အကုန်လုံးပို့ပြီး စစ်တာ။ အိမ်ရှင်ကတော့ ရဲဘော် ၃ ဦး လာ တည်းတယ်။ ဒါပေမဲ့ ဘယ် စစ်သားဆိုတာ သူမမှတ်မိဘူးဆိုလို့ မှတ်တမ်းဘဲတင်ထားတယ်” ဟု တရားလို ရှေ့နေဒေါ်ရွယ်ဂျား က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်က တရားခံ သက်သက်နှစ်ဦးကို စစ်ဆေးရန် ဆင့်ခေါ်ခဲ့သော်လည်း တရားရုံးသို့ ရောက်လာခြင်း မရှိသဖြင့် အောင်တိုဘာလ ၂ ရက်တွင် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

သူ့ကို ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၇၆ (မုဒိန်းမှု)နှင့် သဘောမတူဘဲ ခိုးယူပေါင်းသင်းမှု ပုဒ်မ ၃၆၃ တို့ဖြင့် တရားစွဲဆို ထားရာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့က ပထမဆုံးအကြိမ်ရုံးချိန်းတွင် မိန်းကလေးငယ်၏ မိဘများနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ကို စစ်ဆေးမေးမြန်းခဲ့သည်။

ပြီးခဲ့သည့် မေလ ၁၆ ရက်တွင် နယ်မြေခံ ခမရ တပ်ရင်း ၅၆၇ မှ ရဲဘော် ကောင်းဘိုဘို က မိန်းကလေးငယ် သည် စျေးဝယ်ပြီး အိမ်အပြန်လမ်း တစ်နေရာသို့ ခေါ်ဆောင်သွားကာ အဓမ္မပြုကျင့်ခဲ့သဖြင့် မိန်းကလေး၏ မိဘများက ရှမ်းပြည်နယ် ကချင်စာပေနှင့်ယဉ်ကျေးမှု အမျိုးသမီးအဖွဲ့ထံ အကူအညီတောင်းခံ၍ တရားစွဲဆိုခဲ့ သည်။

တရားခံ ကောင်းဘိုဘိုကို စစ်ခုံရုံးက စည်းကမ်း ဖောက်ဖျက်မှုဖြင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့သည်။ သို့သော် ရှမ်းပြည်နယ် ကချင်စာပေနှင့် ယဉ်ကျေးမှု အမျိုးသမီးအဖွဲ့ က အရပ်ဘက် တရားရုံးသို့ လွဲပြောင်းပေးရန် ထပ်မံ တောင်းဆိုခဲ့သဖြင့် ယခု ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

လာမည့် အောက်တိုဘာလ ၁၀ ရက်တွင် ထပ်မံ ရုံးချိန်းလိုက်သည်။

အမျိုးသမီးများ ဘဝ လုံခြံုမှုနှင့် အမျိုးသမီးများ အကာအကွယ် ရရှိရန်အတွက် ယခုကဲ့သို့ အရပ်ဘက် တရားရုံးတွင် ထပ်မံ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်ဟု မကြာသေးမီက ရှမ်းပြည်နယ် ကချင်စာပေနှင့် ယဉ်ကျေးမှု အမျိုးသမီးအဖွဲ့မှ တွဲဘက်အတွင်းရေးမှူး (၁) ဒေါ်ဇဒေါင်လွမ်းညွယ် က ပြောဆိုခဲ့သည်။

Most read this week