မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးခြင်း အခမ်းနား ပါ၀င်သူများကို အစိုးရတပ် မေးမြန်းစစ်ဆေး

မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးခြင်း အခမ်းနား ပါ၀င်သူများကို အစိုးရတပ် မေးမြန်းစစ်ဆေး
by -
ကေအဲန်ဂျီ

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်တွင် ဖမ်းဆီးခဲ့သော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးသော အခမ်းအနားသို့ တက်ရောက်ခဲ့သောကျေးရွာသားများနှင့် ရွာလူကြီးများကို မြန်အစိုးရ စစ်တပ်က စစ်ဆေး မေးမြန်းမှုများ ပြုလုပ်နေသည် ဟု မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ဆောင်သူများက ပြောသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ တာမိုးညှဲဘက်မှ ရောက်ရှိလာသော အစိုးရ စစ်ကြောင်းတစ်ကြောင်းသည် ဟိုဖြတ် ကျေးရွာ၊ ဂျာကြိုင်ယန်ကျေးရွာသို့ ဝင်ရောက်လာကာရွာလူကြီးနှင့် ရွာသားများကို မေးမြန်း ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်ဟု မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးရေး အခမ်းအနား ပြုလုပ်ခဲ့သော KIO အရာရှိတစ်ဦး ပြောသည်။

KIO-destroyed-drug-in-Shan-state

“မနေ့က အစိုးရ စစ်တပ်က ဝင်လာပြီး ရွာသားတွေနဲ့ ရွာလူကြီးတွေကို မေးမြန်းပြီး ခြိမ်းခြောက်မှုတွေ လုပ်နေတယ်။ KIO ဘာကြောင့် လုပ်တာလဲ။ မင်းတို့ ဘာကြောင့် သွားတာလဲ။ ဒီအခမ်းအနားမှာ ဘာတွေ ပြောလဲ။ မူးယစ်ဆေးဝါး မီးရှို့တဲ့ နေရာမှာ ရွာသားတွေ ဘာကြောင့် ပါဝင်တာလဲ။ KIO က ဘာတွေ ပြောသွားသလဲ ဆိုတာတွေ မေးတယ်။ ဘယ်သူတွေပါသလဲ။ ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲဆိုတာ တွေမေးတယ်” ဟု သူက ပြောသည်။

အစိုးရ စစ်တပ်က ကျေးရွာသားများကို လာရောက်စစ်ဆေးနေခြင်းသည် KIO နှင့် လူထုတို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်မှုကို မလိုလားခြင်း ဖြစ်သည်ဟု သုံးသပ်ကြောင်း ရှမ်းပြည်မြောက်ပိုင်း မူးယစ်ဆေး ဝါး တိုက်ဖျက်ရေးကော်မတီမှ အဖွဲ့ဝင် ဦးဇော်ဘာ က ပြောသည်။

“လာ စစ်ဆေးနေတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဘယ်စစ်တပ်က လာစစ်တယ်ဆိုတာ ကျနော်တို့ စုံစမ်းနေတယ်။ မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့က အစိုးရလုပ်ရမှာ။ သူတို့မလုပ်လို့ KIO တွေ လုပ်လာတာကို မကြိုက်လို့၊ KIO နဲ့ ပြည်သူတွေ ပေါင်းပြီး လုပ်ဆောင်တောကို မကြိုက်လို့ လုပ်တာဖြစ်တယ်” ဟု သူက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်က ရှမ်းပြည်မြောက်ပိုင်း KIO တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၉ ဒေသ ကွတ်ခိုင်မြို့နယ် ဟိုဖြတ်ကျေးရွာအနီးတွင် KIO က ဖမ်းဆီးခဲ့သည့် ဘိန်းဖြူ ၂၆ ကီလို၊ ဘိန်းမဲ ၁၃ ပိဿာ ကျော်နှင့် ရာမဆေးပြား ၆ သောင်းကျော် (ကာလတန်ဖိုး ၂၀၀၀)ကျော်ကို မီးရှုံ့ဖျက်ဆီးသော အခမ်းအနား ကျင်းပခဲ့သည်။ ထိုအခမ်းအနားတွင် ဟိုဖျက်ကျေးရွာ၊ ဂျာကြိုင်ယန် အပါအဝင် ကျေးရွာပေါင်း ၁၀ ကျော်မှ ရွာသား ၈၀၀ ခန့် တက်ရောက်ခဲ့သည်ဟု သူက ပြောဆိုသည်။

လာရောက် မေးမြန်းခဲ့သော အစိုးရ စစ်ကြောင်းသည် တာမိုးညှဲဘက်မှ ရောက်ရှိလာသော စစ်ကြောင်းဖြစ်ပြီး KIO အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်နေမှုအပေါ်အစိုးရဘက်မှ မလိုလားခြင်း ဖြစ်သည်ဟု KIO အရာရှိက သူ့အမြင်ကို သုံးသပ် ပြောဆိုသည်။

“KIO နဲ့ ပေါင်းပြီးတော့ မူးယစ်ဆေးဝါး မီးရှို့ပွဲလုပ်တာကို မကြိုက်လို့ မေးတာ။ အဲဒီက ရွာလူကြီးတွေက တဖက်မှာ အစိုးရ အလုပ်လည်း လုပ်ရ။ ခေါ်ရင်လည်း လာရမှာဘဲ။ KIO တွေ ခေါ်ရင်လည်း မသွားလို့ မဖြစ်ဘူး။ အဲဒီလိုကြားမှာ နေပြီး အရမ်းခက်နေတယ်။ အစိုးရက မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့ကို မလိုလားတဲ့ သူတို့ ပေါ်လစီကို ထုတ်ဖော်တာဖြစ်တယ်” ဟု KIO အရာရှိက သုံးသပ်ပြောသည်။

၂၀၁၄ ဖေဖော်ဝါရီလက KIO နှင့် ကချင်ပြည်သူလူထုတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါး တိုက်ဖျက်သွားရန် ဆုံးဖြတ်ခဲ့ပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် ခရစ်ယာန် ဂိုဏ်းပေါင်းစုံ စုပေါင်းကာ လူထုနှင့်အတူ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်ကို ပြုလုပ်နေပြီ ဖြစ်သည်။

၂၀၁၁ ခုနှစ် အစိုးရနှင့် KIO အကြား တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံကိန်းကို လုပ်ဆောင်ရန် ရပ်ဆိုင်းခဲ့ရာမှ ယခု လူထုနှင့် ပူးပေါင်း၍လုပ်ဆောင်လာခြင်း ဖြစ်သည်။

စက်တင်ဘာလ ၂၉ ရက်နေ့က ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကားမိုင်းမြို့နယ်ခွဲ၊ ဝေခါ၊ ဆိုင်းတောင်၊ လုံးခင်း စသည့် ကျေးရွာများတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆန္ဒဖော်ထုတ်ပွဲကို ခရစ်ယာန်ဘာသာ ရေးပေါင်းစုံမှ ဦးဆောင်၍ ဆန္ဒဖော်ထုတ်ခဲ့သည်။

Most read this week